ဖေဖေါ်ဝါရီ ၉ – ၂၀၂၆
ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ ဘွန်ဂျိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင် က အစိုးရသစ်ဖွဲ့စည်းရေး အတွက် မဟာမိတ်ပါတီတွေ အကြောင်းကို အသေးစိတ် ပြောကြားဖို့ ငြင်းဆိုခဲ့ပြီး တရားဝင် မဲရလဒ်တွေနဲ့ ပါတီ အလုပ်အမှုဆောင် အစည်း အဝေးကို စောင့်သွားမှာ မည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အမတ်နေရာ ၂၅၀ ကျော်မှ တပါတီတည်း အစိုးရဖွဲ့နိုင်မှာ ဖြစ်လို့ လက်ရှိအခြေအနေအရ ဘွန်ဂျိုင်ထိုင်း ပါတီဟာ ညွန့်ပေါင်းဖွဲ့ရဖို့ ရှိနေပြီး လက်တွဲမယ့် မဟာမိတ်တွေနဲ့ ဝန်ကြီးဌာန ရာထူး ခွဲဝေမှုတွေကို နာမည် တပ်ပြောဖို့ ငြင်းဆိုထားပါတယ်။
ဝန်ကြီးချုပ်ထပ်ဖြစ်လာမယ့် အနုတင် က ပါတီတခုချင်းစီ ရဲ့ ရပ်တည် ချက်နဲ့ ချဉ်းကပ်ပုံကို ဆုံးဖြတ်ဖို့ အရင်ဆုံး အမှုဆောင်ကော်မတီ အစည်းအဝေး ခေါ်ယူဖို့ လိုအပ်တာ ဖြစ်ကြောင်းနဲ့ လိုအပ်တဲ့ လုပ်ထုံး လုပ်နည်းတွေ အတိုင်း ဆောင်ရွက်ဖို့ ရှိကြောင်း လည်း သူက ပြောပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ညွန့်ပေါင်းထဲမှာ ကလာထမ်း (Klatham) ပါတီ ပါဝင် မလားလို့ မေးမြန်းရာမှာ အနုတင်က ဘွန်ဂျိုင်ထိုင်း ရဲ့ ရပ်တည်ချက် ကိုသာ အရင်အာရုံစိုက်မှာ ဖြစ်ကြောင်း နဲ့ (မဲရလဒ်) တရားဝင် အပြည့် အစုံ မထွက်လာသေးဘူးလို့ သူ့က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ပါတီအနေနဲ့ ဘယ်လို မူဝါဒတွေနဲ့ အစိုးရဖွဲ့မလဲ ဆိုတဲ့ မေးခွန်းအပေါ် မဲရလဒ် တည်ငြိမ်သွားပြီဆိုရင် အလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးကို အရင်ခေါ်ပြီးမှ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ ရှိ၊ မရှိကို စဉ်းစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မူဝါဒထဲမှာ နယ်စပ်ပြဿနာတွေ အဓိက ပါဝင်မလားလို့ မေးမြန်းရာ နယ်စပ်အခြေအနေဟာ တည်ငြိမ်နေပြီဖြစ်လို့ ထပ်ပြီး မဆွ သင့်ဘူးလို့ ပြောဆိုကာ ထိုင်းနိုင်ငံရဲ့ ထိန်းချုပ်မှု အောက်က နယ်မြေတွေ လုံခြုံရေးကို တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ စစ်တပ် အနေဖြင့် နယ်စပ်ကို စောင့်ကြည့် ကာ နိုင်ငံတော် ကာကွယ်ရေးကို အစွမ်းကုန် အားကောင်း အောင် လုပ်ဆောင်နေကြောင်း ဖြည့်စွက်ပြောဆိုသွားပါတယ်။
နယ်စပ်စီမံခန့်ခွဲမှုက ဘွန်ဂျိုင်ထိုင်း ရွေးကောက်ပွဲအောင်မြင်မှု အတွက် အထောက်အကူ ပြုခဲ့သလားလို့ အမေးကိုတော့ အနုတင် က အခု အောင်ပွဲဟာ ပြည်သူလူထု ရဲ့ အောင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ အမြင်သဘော ထားတွေကို အဓိပ္ပာယ် မဖွင့်လို ပေမယ့် ပါတီရဲ့ ကနဦး အောင်မြင်မှုဟာ ပြည်သူလူထုက ဘွန်ဂျိုင်ထိုင်း ကို ရွေးချယ် ခဲ့တာကြောင့်လို့ ဆိုပါတယ်။
—————————
THN Public Media
