ဖေဖေါ်ဝါရီ ၈ – ၂၀၂၆
ဒီကနေ့ ကျင်းပတဲ့ ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ် အနုတင် ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီ က အမတ်နေရာ ၂၀၀ ကျော်နဲ့ ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။
မစ္စတာ အနုတင် ဟာ ဘွန်ဂျိုင်ထိုင်းပါတီ ရုံးကို ရောက်ရှိလာကာ ဇနီး ဖြစ်သူကို ဖက်လှဲတကင်း နှုတ်ဆက်ပြီး မျက်ရည်ဝဲပြီး ပြည်သူကို လက်အုပ်ချီ ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။
ဒီကနေ့ ည ၉ နာရီကျော်မှာ ဘွန်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုတင် ဟာ ရွေးကောက်ပွဲ မဲရေတွက်မှုကို စောင့်ကြည့်ဖို့ ပါတီရုံးချုပ်ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။
မီဒီယာတွေကို ပြောကြားရာမှာ မစ္စတာ အနုတင်က တရားဝင် ရလဒ်ကို သိရှိရဖို့ စောင့်ဆိုင်းရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပါတီရုံးကို မရောက်ခင် အနုတင်ဟာ သူ့ မိဘတွေဆီ သွားရောက်ခဲ့လားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း သူက ပြောပါ တယ်။
ဘွန်ဂျိုင်ထိုင်းပါတီ ရဲ့ ရွေးကောက်ပွဲရလဒ်ဟာ အမတ်နေရာ ၂၀၀ အထိ အပြတ်အသတ် အနိုင်ရရှိတော့မှာ ဖြစ်ကြောင်း သတင်းထောက် တွေက ပြောကြားတဲ့ အခါ မစ္စတာ အနုတင်က “ဟိုး” ဆိုပြီး အံ့သြ တကြီး အာမေဍိတ် သံပြုကာ လက်အုပ်ကို ဦးခေါင်းပေါ်အထိ မြှောက်ပြီး ပြည်သူလူထု ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။
မိမိကို မဲပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်းလည်း သူက ပြောပါတယ်။
သတင်းထောက်တွေရဲ့ အကဲခတ်ချက်အရ မစ္စတာ အနုတင်ဟာ ကားပေါ်ကနေ ဆင်းလာချိန် ကတည်းက အလွန် ဝမ်းသာပီတိဖြစ်နေပြီး မျက်ရည်ဝဲ နေတာကို တွေ့ရကာ စောင့်ဆိုင်းနေသူ အားလုံးကိုလည်း ဖက်လှဲ တကင်း နှုတ်ဆက်ခဲ့ ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်ဖို့၊ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့နဲ့ မဲရေတွက်မှု အခြေအနေတွေကို လေ့လာဖို့ ပါတီရုံး အပေါ်ထပ်သို့ တက်သွားခဲ့ပါတယ်။
တရားဝင် မဲရလဒ်တွေ ထွက်ပေါ်လာပြီးနောက် သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ ခန်မှန်းရပါတယ်။
အခုရွေးကောက်ပွဲဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် ယှဥ်ပြိုင်ကြတာ ဖြစ်ပြီး အမတ်နေရာ တဝက်ကျော် အနိုင်ရပါတီက ဝန်ကြီးချုပ် ရာထူးရကာ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် အနုတင် ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီ ဟာ အမတ်နေရာ ၂၀၀ ကျော် ရရှိထားပြီ ဖြစ်လို့ နောက်ထပ် ပါတီတခုခု နဲ့ ပေါင်းလိုက်ရင် ဝန်ကြီးချုပ် နေရာ ယူပြီး အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။
Ref: The Reporters
—————————
THN Public Media
