ပြည်တွင်း

တနင်္သာရီတိုင်းက မောတောင်မြို့ပေါ်ထိ တိုက်ပွဲရောက်လာလို့ ဒေသခံ ထောင်နဲ့ချီပြီး အရေးပေါ်စစ်ရှောင်

နိုဝင်ဘာ ၁၂ – ၂၀၂၅

တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့မှာ စစ်တပ်နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန် နေတာ ကြောင့် ဒေသခံ အများအပြား အရေးပေါ်စစ်ရှောင် နေကြရ သလို ရွာတွေထဲမှာ လည်း ပိတ်မိနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်း ကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်မှုတွေ ကတော့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်း အထိ ရှိနေတာကြောင့် ကျေးရွာအတွင်း ကျန်ရှိ နေတဲ့ ဒေသခံအချို့ အပြင်ထွက်ခွင့် မရဘဲ နေအိမ်မှာ ပိတ်မိနေ ကြတာ ဖြစ်တယ် လို့ သိရ ပါတယ်။

” ညက နည်းနည်းငြိမ်ပြီး ဒီနေ့မနက် ကတည်းက ပစ်နေကြတယ် ။ စစ်ရှောင်တွေကတော့ မနေ့ ကတည်း အထုတ်ကိုယ်စီနဲ့ ရှောင်လာကြတာ ။ မောတောင်မြို့ထဲဘက် ထိခိုက် ပျက်စီးမှုတွေ လည်းရှိနေတယ် သိရတယ် ။ အခုစစ်ရှောင် တွေဘက် ဖုန်းလိုင်းမကောင်းဘူး ။ အကူအညီတွေ လည်းလိုအပ်နေတယ်။ ကျွန်တော်တို့ သွားကူညီဖို့ လုပ်နေတယ်။ ” လို့ မောတောင် ဒေသခံ တယောက်က ပြောပါတယ်။

လက်ရှိမှာ မောတောင်မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်လာတဲ့ ပြည်သူ ထောင်ဂဏန်းကျော်အထိ ရှိနေပြီး စစ်ရှောင်တွေဟာ ထိုင်း – မြန်မာ နယ်စပ်စည်း ထိုင်းစစ်တပ်ရှိတဲ့ အလယ်ဂိတ်အနီးမှာ ယာယီ နေထိုင် နေကြ တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေ ထဲမှာ ရွက်ဖျင်တဲပါသူ ရှိသလို အမိုးအကာ မပါ သူတွေ လည်းရှိကြောင်း ၊ အရေးပေါ် စစ်ရှောင်လာကြရတာ ဖြစ်တဲ့ အတွက် အဆင်ပြေသလိုသာ နေထိုင်နေကြရပြီး သောက်ရေသန့် ၊ စားနပ်ရိက္ခာ ၊ အမိုးအကာ အပါအဝင် စတဲ့ အကူအညီတွေ လိုအပ် နေတယ်လို့ သိရပါတယ်။

” အကူအညီတွေ လိုနေတယ်။ အဓိကသောက်ရေလိုတယ် ။အစားအစာ တွေလိုတယ်။ အမိုးအကာ မရှိဘဲ နေကြရတော့ မိုးကာတွေလိုတယ်။ စောင်၊ ခြင်ထောင်တွေ လည်းလိုတယ်။ အခုရသလောက် အလှူလက်ခံ နေတယ် ။ခုညနေလောက် ဖြစ်ဖြစ် သွားလှူနိုင်ဖို့ လုပ်နေတယ် ။ ” လို့ ထိုင်းနိုင်ငံရောက် မောတောင် ဒေသခံက ပြောပါတယ်။

မောတောင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲက မြို့ပေါ်အထိ ရောက်ရှိ နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုတွေကြောင့် မောတောင် စျေးလည်း ပျက်စီးသွားသလို အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီး မှုရှိနေတယ်လို့သိရပါတယ်။

ဒါအပြင် တိုက်ပွဲအကြား လက်နက်ကြီးကြောင့် လူသေဆုံးမှုနဲ့ ထိခိုက် ဒဏ်ရာ ရသူတွေလည်း ရှိနေကြောင်း သိရပါတယ်။

မောတောင်မြို့တိုက်ပွဲကြောင့် မြိတ် – မောတောင်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းလည်း ပြတ်တောက် နေတယ် လို့သိရပါတယ်။

အစိုးရတပ်ဟာ မောတောင်မြို့နယ် နယ်စပ် လမ်းပိုင်း အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ကြောင်း ၊ လက်ရှိမှာတော့ တိုက်ပွဲက မောတောက်မြို့ပေါ်အထိ ရောက်လာပြီး ပိုပြင်းထန်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

မောတောင်မြို့မှာ ထိုင်း – မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းရှိပြီး နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက ကျတဲ့ မြို့ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – cj

Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *