မေလ ၁၄ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပေကျင်းမြို့ကို ဆိုက်ရောက် လာပြီဖြစ်ပြီး ဒါဟာ ၂၀၁၇ ခုနှစ် သူ့ရဲ့ ပထမသက်တမ်း အတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်နောက်ပိုင်း အမေရိကန်ခေါင်းဆောင် တစ်ဦး အနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံး အကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
သူဟာ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး တကယ်တော့ ဒီတွေ့ဆုံမှုကို မတ်လမှာ ကျင်းပဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နောက်မှာ ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။
–
#ထရမ့် ဘာကြောင့် တရုတ်ကို သွားတာလဲ
————————–
ဒီဆွေးနွေးပွဲရဲ့ အဓိက အာရုံစိုက်မယ့် အချက်ကတော့ မဟာအင်အားကြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာလှတဲ့ ကုန်သွယ်မှု ဆက်ဆံရေး ပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ထရမ့်က တရုတ်ရဲ့ စီးပွားရေး လောကကို အမေရိကန်ရဲ့ နည်းပညာ ကုမ္ပဏီကြီးတွေ အတွက် လမ်းဖွင့်ပေးဖို့ ရှီကျင်ပင်းကို တောင်းဆို သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန် အရေးနဲ့ ပတ်သက်လို့လည်း “အကျယ်တဝင့် ဆွေးနွေးဖို့” မျှော်လင့်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့ပေမဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အတွက် တရုတ်ရဲ့ အကူအညီကို မလိုအပ်ဘူးလို့လည်း သူက အခိုင်အမာ ဆိုထားပါတယ်။
အီရန်အရေးမှာ ရှီကျင်ပင်းရဲ့ သဘောထားက “တော်တော်လေး ကောင်းမွန် ပါတယ်” လို့ ထရမ့်က မှတ်ချက်ပေးခဲ့ပြီး ဒါဟာ “စိတ်လှုပ်ရှားစရာ ခရီးစဉ်” ဖြစ်လာမှာဖြစ်သလို “ကောင်းမွန်တဲ့အရာတွေ အများကြီး ဖြစ်လာတော့မယ်” လို့လည်း သူက ဆိုပါတယ်။
တဘက်မှာလည်း ရှီကျင်ပင်း အနေနဲ့ ထိုင်ဝမ်ကို အမေရိကန်က လက်နက် ရောင်းချနေတာတွေ ရပ်တန့်ဖို့နဲ့ အောက်တိုဘာလက သဘောတူထားတဲ့ အခွန်တိုးမြှင့်မှု ရပ်ဆိုင်းရေး ကုန်သွယ်ရေး ဆိုင်ရာ အပစ်ရပ်စဲမှုကို သက်တမ်းတိုးဖို့ အတွက် ဖိအားပေးလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
တရုတ်မီဒီယာတွေရဲ့ သုံးသပ်ချက်အရ ပေကျင်းဟာ အမေရိကန်နဲ့အတူ “ပိုမိုကောင်းမွန်တဲ့ အနာဂတ်” ကို ရှေးရှုနေပြီး မတည်ငြိမ်တဲ့ ကမ္ဘာကြီး အတွက် “တည်ငြိမ်မှုနဲ့ သေချာမှုတွေကို ပိုမိုဖြည့်ဆည်းပေးနိုင်မယ့်” ဆက်ဆံရေးမျိုးကို လိုလားနေတယ်လို့ သိရပါတယ်။
–
#ဒီခရီးစဉ်အတွင်း ဘာတွေဖြစ်လာမလဲ
————————
ထရမ့်ဟာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာ Air Force One လေယာဉ်နဲ့ ပေကျင်းကို ဆိုက်ရောက်ခဲ့တာဖြစ်ပြီး အဓိက အစီအစဉ် တွေကိုတော့ ကြာသပတေးနေ့မှာ စတင်မှာပါ။
သောကြာနေ့မှာတော့ ထရမ့်ဟာ တရုတ်ခေါင်းဆောင်တွေ နေထိုင် အလုပ်လုပ်ရာ Zhongnanhai ဝင်းထဲကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ အဲဒီလည်ပတ်မှုမှာ ရှီကျင်ပင်းနဲ့ အတူ “ချစ်ကြည်ရေး အမှတ်တရ ဓာတ်ပုံ” ရိုက်တာနဲ့ လက်ဆွဲ နှုတ်ဆက်တာတွေ ပါဝင်မှာပါ။
ရှီကျင်ပင်း နဲ့ နောက်ထပ် ဆွေးနွေးပွဲတခုနဲ့ လုပ်ငန်း သဘောဆောင်တဲ့ နေ့လယ်စာ စားပွဲအပြီးမှာတော့ ထရမ့်ဟာ အမေရိကန်ကို ပြန်လည် မထွက်ခွာခင် လေဆိပ်မှာ နှုတ်ဆက်ခြင်း အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။
–
#ဘယ်သူတွေ လိုက်ပါသွားသလဲ
————————
ဒီခရီးစဉ်မှာ ထရမ့်နဲ့အတူ အမေရိကန်ရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တွေနဲ့ နည်းပညာ ကုမ္ပဏီကြီးတွေက CEO တွေ လိုက်ပါသွားကြပါတယ်။
ပေကျင်းခရီးစဉ်မှာ ပါဝင်လာသူတွေထဲမှာ Nvidia က Jensen Huang၊ Apple က Tim Cook၊ Tesla နဲ့ SpaceX ရဲ့ အီလွန်မတ်စ်၊ BlackRock ရဲ့ Larry Fink တို့အပြင် Meta, Visa, JP Morgan, Boeing နဲ့ Cargill တို့က အမှုဆောင် အရာရှိချုပ်တွေလည်း ပါဝင်နေပါတယ်။
အထူးသဖြင့် Nvidia ရဲ့ Jensen Huan ဟာ နောက်ဆုံးမိနစ်မှာ ပါဝင် လာတာက သတိထားစရာဖြစ်ပြီး သူတို့ရဲ့ အဆင့်မြင့် AI ချစ်ပ်ပြား တွေဟာ အမေရိကန်နဲ့ တရုတ်ကြား ပြိုင်ဆိုင်မှုရဲ့ အဓိက အချက်အချာ ဖြစ်နေလို့ပါ။
သူဟာ မူလစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ ထရမ့် ကိုယ်တိုင် ဖိတ်ကြားခဲ့တာ ဖြစ်ပြီး အလက်စကာမှာ ခေတ္တရပ်နားစဉ်မှာ Air Force One လေယာဉ်ပေါ် တက်သွားတာကို တွေ့ရှိခဲ့ရပါတယ်။
–
#အခွန်စည်းကြပ်မှု နောက်ဆုံးအခြေအနေ
၂၀၂၅ ခုနှစ် တစ်လျှောက်လုံး တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လုနီးပါး ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ဒီပြဿနာဟာ အနည်းငယ် လျော့ပါး သွားတဲ့ အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့ အမြဲတမ်း ပြေလည်မှုရဖို့က ခက်ခဲနေဆဲ ဖြစ်တာကြောင့် နှစ်ဖက် စလုံး ဆွေးနွေးစရာတွေ အများကြီး ရှိနေပါသေးတယ်။
ထရမ့်က ပဲပိစပ်နဲ့ လေယာဉ် အစိတ်အပိုင်းတွေ အပါအဝင် အမေရိကန်ရဲ့ အဓိက စက်မှုလုပ်ငန်းထွက်ကုန်တွေကို တရုတ်ဘက်က ပိုမိုဝယ်ယူဖို့ တွန်းအား ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပေကျင်းဟာ ပို့ကုန်တင်ပို့မှု စံချိန်တင် မြင့်မားနေတာကြောင့် အသာစီး ရတဲ့ အနေအထားကနေ ဆွေးနွေးမှာ ဖြစ်ပေမဲ့ အမေရိကန်ရဲ့ စားသုံးသူ ဈေးကွက် ကိုတော့ လိုအပ်နေဆဲပါ။
ဒါ့အပြင် ရှီကျင်ပင်း ကလည်း မတရားတဲ့ စီးပွားရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က မကြာခင်က ကြေညာထားတဲ့ စုံစမ်း စစ်ဆေးမှု တွေကို ရပ်ဆိုင်းဖို့ ဖိအားပေးမှာ သေချာပါတယ်။
–
#တခြား ဘာတွေ ဆွေးနွေးကြဦးမလဲ
————————-
ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ထိုင်ဝမ်အရေးဟာ ဒီထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ရည်ရွယ်ချက် ကတော့ ဒီကိစ္စကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ မဖြစ်ပေါ်စေဖို့ ပဲလို့ ပြောကြားခဲ့ပါတယ်။
တရုတ်ဘက် ကလည်း ထိုင်ဝမ်ဟာ ဒီဆွေးနွေးပွဲတွေမှာ ဦးစားပေး ကိစ္စဖြစ်တယ်လို့ အချက်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တရုတ် အရာရှိ တဦးက ထိုင်ဝမ်နဲ့ အမေရိကန်တို့ကြား စစ်ရေးအရ ပတ်သက်မှု တွေနဲ့ လက်နက် ရောင်းချမှုတွေကို ပေကျင်းက ကန့်ကွက်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
အီရန်နဲ့ ပဋိပက္ခ အဆုံးသတ်ဖို့အတွက် တရုတ်ရဲ့ အကူအညီ မလိုဘူးလို့ ထရမ့်က ဇွတ်ပြောနေပေမဲ့၊ လက်တွေ့မှာတော့ တီဟီရန်ကို သဘောတူညီချက် တခုရအောင် နားချပေးဖို့ ပေကျင်းကို သူက တိုက်တွန်း လာလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။
တရုတ်နိုင်ငံဟာ စစ်ပွဲကြောင့် ပို့ကုန်အပေါ် အဓိက မှီခိုနေရတဲ့ သူတို့ရဲ့ စီးပွားရေးကို ထိခိုက်နေတာကြောင့် စစ်ပွဲပြီးဆုံးဖို့ ဆန္ဒရှိနေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် တိုးတိုးတိတ်တိတ် ဝင်ရောက် လုပ်ဆောင် ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရာတခုကတော့ AI ဉာဏ်ရည်တု ပဲ ဖြစ်ပါတယ်။ ဒါဟာ နျူကလီးယား လက်နက်ပြိုင်ပွဲနဲ့ တူတယ်လို့ နှိုင်းယှဉ် ခံနေရပြီး နှစ်ဘက်စလုံးက ပဋိပက္ခတွေ မဖြစ်အောင် ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှာဖွေနေကြပါတယ်။
ref: bbc
—————————
THN Public Media
