#အထူးဆောင်းပါး – Anthony Zurcher (မြောက်အမေရိကားသတင်းထောက်) နဲ့ Laura Bicker (တရုတ်သတင်းထောက်)
ပေကျင်းမြို့ရဲ့ သမိုင်းဝင် တီယန်နန်မင် ရင်ပြင်တဝိုက်မှာ လုံခြုံရေးတွေကို ရက်အတော်ကြာ ကတည်းက တိုးမြှင့်ထားပြီး၊ အထူးစစ်ရေးပြပွဲ ဒါမှမဟုတ် ခမ်းနားတဲ့ အစီအစဉ် တခုခု လုပ်တော့မယ် ဆိုတဲ့ ကောလာဟလတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဒီပွဲကြီးအတွက် ပြင်ဆင်မှုတွေကို တိုးတိုးတိတ်တိတ်ပဲ စတင်ခဲ့ပေမဲ့၊ တရုတ်နိုင်ငံဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အတွက် ခမ်းနားတဲ့ ပြကွက်တွေ ပြသဖို့ အသင့်ဖြစ်နေပုံရပါတယ်။
ဒီခရီးစဉ်အတွင်း ဆွေးနွေးပွဲတွေ၊ တည်ခင်းဧည့်ခံပွဲတွေ အပြင် ရှေးဟောင်း ဧကရာဇ်တွေ ရိတ်သိမ်းမှု ကောင်းကောင်း ရဖို့ ဆုတောင်းခဲ့ကြတဲ့ ကောင်းကင်ဘုံ ဘုရားကျောင်း ဆီ သွားရောက် လည်ပတ်တာတွေလည်း ပါဝင်မှာပါ။
ထရမ့်ရော တရုတ်သမ္မတ ရှီကျင်ပင်းပါ ဒီခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ထွက်လာဖို့ မျှော်လင့်နေကြပါတယ်။ ကမ္ဘာ့ဩဇာအရှိဆုံး ခေါင်းဆောင်နှစ်ဦးရဲ့ ဒီထိပ်သီး ဆွေးနွေးပွဲဟာ နှစ်ပေါင်းများစွာ အတွင်း အကျိုးသက်ရောက်မှု အရှိဆုံး ထိတွေ့မှုတခု ဖြစ်လာတော့မှာပါ။
လွန်ခဲ့တဲ့ လအတော်ကြာကတည်းက အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ထရမ့်အတွက် ဦးစားပေး မဟုတ်ခဲ့ပါဘူး။ သူဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ၊ အနောက် ကမ္ဘာခြမ်းက စစ်ဆင်ရေး တွေနဲ့ ပြည်တွင်းရေး ကိစ္စတွေကိုပဲ အာရုံစိုက်ခဲ့တာပါ။ ဒါပေမဲ့ ဒီသီတင်းပတ်မှာတော့ အဲဒီအရာ အားလုံး ပြောင်းလဲသွားတော့မှာ ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အနာဂတ်၊ ထိုင်ဝမ် တင်းမာမှုနဲ့ အဆင့်မြင့် နည်းပညာ ပြိုင်ဆိုင်မှုတွေ အားလုံးဟာ ဒီဆွေးနွေးပွဲ အပေါ်မှာ မူတည်နေပါတယ်။
စီးပွားရေး အရကြည့်ရင် အမေရိကန်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေး စစ်ပွဲနဲ့ အီရန် ပဋိပက္ခတွေဟာ ရှီကျင်ပင်း အတွက် သတင်းဆိုးဖြစ်နိုင်ပေမဲ့၊ အတွေးအခေါ်နဲ့ နိုင်ငံရေး အရတော့ ဒါဟာ သူ့အတွက် လက်ဆော င်တခုလို ဖြစ်နေပြီး သူက ပိုပြီး အသာစီးရနေတယ်လို့ ခံစားရမှာပါ။ ဒီခရီးစဉ်ဟာ လာမယ့်နှစ်တွေမှာ အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေး ဒါမှမဟုတ် ပဋိပက္ခတွေ အတွက် အခြေခံအုတ်မြစ် ချပေးနိုင်ပါတယ်။
–
#အီရန်အရေး ကြားဝင်စေ့စပ်ပေးသူလား
————————————-
အင်္ဂါနေ့က တရုတ်ကို မထွက်ခွာခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ ထရမ့်က တရုတ်ခေါင်းဆောင်နဲ့ အီရန်အရေးကို “အကျယ်တဝင့် ဆွေးနွေးမယ်” လို့ ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သုံးလထဲ ရောက်လာပြီ ဖြစ်တဲ့ ဒီစစ်ပွဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် တိုးတိုး တိတ်တိတ် ကြားဝင်ဖို့ ကြိုးစားနေတာပါ။ ပေကျင်းဟာ အမေရိကန်-အစ္စရေးနဲ့ အီရန်ကြား စစ်ပွဲမှာ ပါကစ္စတန်နဲ့ အတူ ကြားဝင် စေ့စပ်ပေးသူအဖြစ် ပါဝင်လာခဲ့ပါတယ်။
ပေကျင်းနဲ့ အစ္စလာမ္မာဘတ်က အရာရှိတွေဟာ အပစ်အခတ် ရပ်စဲရေးနဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး အတွက် အချက် ၅ ချက်ပါတဲ့ အစီအစဉ်ကို မတ်လမှာ တင်ပြခဲ့ပါတယ်။ နောက်ကွယ် မှာလည်း တရုတ်အရာရှိတွေဟာ အီရန်ဘက်က လူတွေကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ရောက်လာဖို့ ညင်သာစွာ တိုက်တွန်း နေခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ အင်အားပြနေပေမဲ့ ဒီစစ်ပွဲကို အဆုံးသတ်ချင်နေ တာကတော့ သေချာပါတယ်။ တရုတ် စီးပွားရေးဟာ နှေးကွေးတဲ့ တိုးတက်မှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားတာတွေကို ရင်ဆိုင် နေရတာပါ။ ရေနံဈေး တက်လာတာကြောင့် အထည်အလိပ် ကနေ ပလတ်စတစ်အထိ ရေနံဓာတု ပစ္စည်းနဲ့ လုပ်ရတဲ့ အရာအားလုံးရဲ့ ကုန်ကျ စရိတ်တွေဟာ မြင့်တက်လာပြီး တရုတ်ထုတ်လုပ်သူ အချို့အတွက် ကုန်ကျစရိတ်ဟာ ၂၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပါတယ်။
တရုတ်မှာ အားကျစရာကောင်းတဲ့ ရေနံသိုလှောင်မှုတွေ ရှိသလို ပြန်ပြည့်မြဲစွမ်းအင်နဲ့ လျှပ်စစ်ကား တွေမှာ ရှေ့က ပြေးနေတာကြောင့် လောင်စာဆီ အကျပ်အတည်း ဒဏ်ကို အကာအကွယ်ရနေပေမဲ့၊ ပို့ကုန်ကို အဓိက အားထားနေရတဲ့ တရုတ်စီးပွားရေး အတွက်တော့ စစ်ပွဲက နာကျင်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ တရုတ်က အမေရိကန်ကို ကူညီမယ် ဆိုရင် သူတို့ဘက် ကလည်း တခုခု ပြန်လိုချင်မှာပါ။
ပြီးခဲ့တဲ့အပတ်က အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ပေကျင်းကို သွားရောက်ခဲ့တာဟာ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ဘယ်လောက်ရှိတယ် ဆိုတာကို ပြသဖို့ ရည်ရွယ်ပုံ ရပါတယ်။ အမေရိကန် ကတော့ ဒါကို အနီးကပ် စောင့်ကြည့်နေပြီး နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက “တရုတ်တွေအနေနဲ့ သူ (အီရန်ဝန်ကြီး) သိသင့်တာတွေကို ပြောပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါကတော့ မင်းတို့ ရေလက်ကြားမှာ လုပ်နေတာတွေက မင်းတို့ကို ကမ္ဘာ့အလယ်မှာ အထီးကျန်ဖြစ်စေပြီး မင်းတို့က လူဆိုး ဆိုတာပါပဲ” လို့ ပြောခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေ အပေါ် အီရန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တရုတ်က ဗီတိုအာဏာနဲ့ မပိတ်ပင်ဖို့လည်း အမေရိကန်က ကြိုးစား နားချထားပါတယ်။ International Crisis Group က အကြံပေး Ali Wyne ကတော့ အီရန်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ပြန်ခေါ်လာဖို့ဆိုရင် တရုတ်က တထောင့်တနေရာက ပါဝင်ရမယ် ဆိုတာကို အမေရိကန်က အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။
ထရမ့်ကတော့ တီဟီရန်နဲ့ တရုတ်တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး အပေါ် သိပ်ပြီး အရေးစိုက်ပုံ မရပါဘူး။ အီရန်ရေနံ သယ်ယူပို့ဆောင်ပေးတဲ့ တရုတ်ရေနံချက် စက်ရုံကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ခဲ့ပေမဲ့၊ ထရမ့်ကတော့ စစ်ပွဲအတွင်း အီရန်အပေါ် တရုတ်ရဲ့ ထောက်ခံမှုကို “ဒါကတော့ ဒီအတိုင်းပါပဲ၊ ကျွန်တော်တို့လည်း သူတို့အပေါ် တခုခု ပြန်လုပ်တာပဲလေ” လို့ ခပ်ပေါ့ပေါ့ပဲ တုံ့ပြန်ခဲ့ပါတယ်။
–
#ထိုင်ဝမ်ရဲ့ အနာဂတ်
ထရမ့်အစိုးရဟာ ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ရင် မရေရာတဲ့ အချက်ပြမှုတွေ ပေးနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်ဟာ ထိုင်ဝမ်နဲ့ ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက် အရောင်း အဝယ် ကို ကြေညာခဲ့လို့ တရုတ်အစိုးရ ဒေါသထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ တရုတ်က သူပိုင်တယ်လို့ ပြောနေတဲ့ ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ အမေရိကန်ရဲ့ ဆန္ဒရှိမှုကို လျှော့ချပြောဆိုခဲ့ ပါတယ်။
ရှီကျင်ပင်း အကြောင်း ရည်ညွှန်းပြီး ထရမ့်က “သူ (ရှီ) က ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်းလို့ ယူဆတယ်၊ သူ ဘာလုပ်မလဲ ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ လုံခြုံရေး အာမခံချက်တွေ အတွက် လုံလောက်တဲ့ ပြန်ပေးဆပ် မှု မရှိဘူးလို့ ဆိုခဲ့သလို၊ မနှစ်ကလည်း ထိုင်ဝမ်အပေါ် ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ပြီး အမေရိကန် ဆီက semiconductor ထုတ်လုပ်မှုကို ခိုးယူတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မာကို ရူဘီယိုက ထိုင်ဝမ်ကိစ္စဟာ ဒီခရီးစဉ်မှာ ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာမှာ ဖြစ်ပေမဲ့ ရည်မှန်းချက် ကတော့ ဒီကိစ္စဟာ အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှု အသစ် မဖြစ်စေဖို့ပဲလို့ ဆိုပါတယ်။
တရုတ်ဘက်ကတော့ ထိုင်ဝမ်ဟာ ဒီဆွေးနွေးပွဲတွေမှာ ဦးစားပေးဖြစ်တယ်လို့ အချက်ပြထား ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထရမ့်ရဲ့ ခရီးစဉ်အတွင်း အမေရိကန်က “မှန်ကန်တဲ့ ရွေးချယ်မှု” လုပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ပေကျင်းဟာ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်လေယာဉ်တွေနဲ့ သင်္ဘောတွေကို နေ့စဉ်နီးပါး စေလွှတ်ပြီး စစ်ရေးအရ ဖိအားပေးနေတာပါ။
တချို့ ဆန်းစစ်သူတွေကတော့ တရုတ်အရာရှိ တွေဟာ ၁၉၈၂ ခုနှစ်ကတည်းက ရေးဆွဲထားတဲ့ ထိုင်ဝမ်ဆိုင်ရာ သတ်မှတ်ချက် စကားလုံးတွေကို ပြောင်းလဲဖို့ တွန်းအား ပေးလာနိုင်တယ်လို့ ယူဆကြပါတယ်။ အမေရိကန်ရဲ့ လက်ရှိမူဝါဒက “ထိုင်ဝမ်လွတ်လပ်ရေးကို အားမပေးဘူး” လို့ပဲ ဆိုထားတာပါ။
ပေကျင်းက “အမေရိကန်က ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တယ်” ဆိုတဲ့ ပိုပြင်းထန်တဲ့ စကားလုံးကို တွန်းအားပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဒါပေမဲ့ ထရမ့်ဟာ စကားလုံးအသုံးအနှုန်း သတိမထားတတ်တာကြောင့် Truth Social မှာ တပတ်အတွင်း ပြန်ပြောင်းပြီး ပြောနိုင်တာကို တရုတ်တွေက သိနေတယ်လို့လည်း ပညာရှင်တချို့က ဆိုပါတယ်။
–
#အရေးကြီးတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲများ
———————–
၂၀၂၅ မှာ အမေရိကန်နဲ့ တရုတ်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေမယ့် ကုန်သွယ်ရေး စစ်ပွဲသစ် ဖြစ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ထရမ့်ဟာ တရုတ်အပေါ် အခွန်နှုန်းထားတွေကို ရံဖန်ရံခါ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။
တရုတ်ကလည်း အမေရိကန်ဆီ ရှားပါးသတ္တု တင်ပို့တာကို ကန့်သတ်ပြီး ထရမ့်ကို မဲပေးခဲ့တဲ့ ပြည်နယ်တွေက လယ်သမားတွေကို ထိခိုက်စေမယ့် အမေရိကန် လယ်ယာထွက်ကုန် ဝယ်ယူမှု တွေကို ရပ်ဆိုင်းပြီး တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ထရမ့်နဲ့ ရှီတို့ လူချင်းတွေ့ဆုံပြီး နောက်မှာတော့ အခြေအနေက တော်တော်လေး အေးအေးဆေးဆေး ဖြစ်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီလက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ သမ္မတရဲ့ တဘက်သတ် အခွန်စည်းကြပ် ပိုင်ခွင့်ကို ကန့်သတ် လိုက်တာ ကလည်း ထရမ့်ရဲ့ စိတ်အလိုလိုက်တဲ့ ကုန်သွယ်ရေး မူဝါဒတွေကို ထိန်းချုပ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီထိပ်သီးဆွေးနွေးပွဲမှာ ပြောစရာတွေ အများကြီး ရှိနေပါသေးတယ်။ ထရမ့်က အမေရိကန် လယ်ယာထွက်ကုန်တွေကို တရုတ်က ပိုဝယ်ဖို့ တွန်းအားပေးမှာဖြစ်သလို၊ တရုတ်ကလည်း ထရမ့်ကို အခွန်ပြန်တိုးခွင့် ရစေမယ့် မတရားတဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ အပေါ် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ ဖိအားပေးမှာပါ။
ဒီခရီးစဉ်မှာ ထရမ့်နဲ့အတူ Nvidia၊ Apple၊ Exxon၊ Boeing တို့လို ကုမ္ပဏီကြီးတွေက CEO တွေလည်း လိုက်ပါသွားမှာပါ။ တရုတ်ဟာ အရင်ကလောက် အမေရိကန်အပေါ် မမှီခိုတော့ပေမဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်ဖို့ အတွက် ဒီတွေ့ဆုံပွဲကို အဆင်ပြေစေချင်ပါတယ်။ ထရမ့်က သူဟာ လေးလေးစားစား ဆက်ဆံခံရတယ်လို့ ခံစားရ သရွေ့တော့ ဆက်ဆံရေးက အေးဆေးနေမှာ ဖြစ်ပေမဲ့၊ အနှိမ်ခံရတယ်လို့ ခံစားရရင်တော့ ထရမ့်ရဲ့ သဘောထားက ချက်ချင်း ပြောင်းလဲသွား နိုင်ပါတယ်။
–
#အေအိုင် (AI) အနာဂတ်
———————
တရုတ်နိုင်ငံဟာ အနာဂတ်ကို ပိုင်ဆိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးစားနေပါတယ်။ အေအိုင် (AI) နဲ့ လူပုံစံတူ စက်ရုပ်တွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတာပါ။ ဒါတွေကို ရှီကျင်ပင်းက “ကုန်ထုတ်စွမ်းအားသစ်များ” လို့ ခေါ်ဆိုပြီး တရုတ် စီးပွားရေးကို ရှေ့တွန်းတင်ပေးဖို့ မျှော်လင့်ထား ပါတယ်။
ဒါပေမဲ့ အမေရိကန် မူဝါဒချမှတ်သူ တော်တော်များများကတော့ တရုတ်ဟာ အမေရိကန် နည်းပညာတွေကို ခိုးယူဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် အဆင့်မြင့် မိုက်ခရိုပရိုဆက်ဆာတွေ တင်ပို့မှုကို ကန့်သတ်ထားတာပါ။ တိတော့ TikTok ကိစ္စ ပြေလည် သွားတာဟာ ရှားရှားပါးပါး အဆင်ပြေခဲ့တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။
အခုဆိုရင် အေအိုင် နည်းပညာနယ်ပယ်မှာ “အေအိုင် စစ်အေးတိုက်ပွဲ” စတင်နေပြီလို့ ပညာရှင်တွေ က ဆိုပါတယ်။ DeepSeek လို တရုတ်ကုမ္ပဏီတွေဟာ အမေရိကန် အေအိုင်တွေကို ခိုးယူတယ်လို့ စွပ်စွဲခံထားရသလို၊ ပေကျင်းဘက်ကလည်း Meta ကုမ္ပဏီက တရုတ် အေအိုင်လုပ်ငန်း တခုကို ဝယ်ယူတာကို တားဆီးခဲ့ပါတယ်။ ပြိုင်ဆိုင်မှုဟာ ဘယ်သူက ဘယ်သူ့ မော်ဒယ်ကို ကူးသလဲ ဆိုတာထက် နောက်မျိုးဆက် အေအိုင်တွေကို တည်ဆောက် နိုင်မယ့် အရည်အချင်းရှိသူတွေကို ပိုင်ဆိုင်ဖို့ ဖြစ်လာပါတယ်။
တရုတ်ရဲ့ စက်ရုပ်တွေဟာ ကောင်းကောင်း စွမ်းဆောင်နိုင်ပေမဲ့ ဒီစက်ရုပ်တွေရဲ့ “ဦးနှောက်” ဖြစ်တဲ့ အဆင့်မြင့် ကွန်ပျူတာ ချစ်ပ်တွေ ရဖို့အတွက်တော့ အမေရိကန်ကို လိုအပ်နေပါသေးတယ်။
ဒီနေရာမှာ ပေကျင်းက သူတို့ပိုင်တဲ့ ရှားပါးသတ္တုတွေကို အသုံးချပြီး အလဲအလှယ် လုပ်နိုင်ပါတယ်။ အမေရိကန်ကို ရှားပါးသတ္တုပေးပြီး အဆင့်မြင့်ချစ်ပ်တွေ ပြန်ယူတာမျိုးပေါ့။ ဒါဟာ တရုတ်ရဲ့ ကိုယ်ပိုင် “ဟော်မုဇ်ရေလက်ကြား” ပဲ ဖြစ်ပြီး ထောက်ပံ့မှုကို အချိန်မရွေး ဖြတ်တောက်နိုင်ပါတယ်။
ထရမ့်ရဲ့ ခရီးစဉ်ဟာ ကြာမြင့်မှာမဟုတ်ပေမဲ့ ဒီခဏတာ တွေ့ဆုံမှုဟာ လာမယ့်နှစ်ပေါင်းများစွာ အတွက် မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေနဲ့ ဆက်ဆံရေး လမ်းကြောင်းကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။
ref: bbc
—————————
THN Public Media
