THN Public Media Blog သတင်း နိုင်ငံတကာ နေတိုးအဖွဲ့ဝင် ရိုမေးနီးယား နိုင်ငံ လူနေတိုက်ခန်းတွဲကို ရုရှား ဒရုန်းထိမှန်လို့ မီးလောင်
နိုင်ငံတကာ

နေတိုးအဖွဲ့ဝင် ရိုမေးနီးယား နိုင်ငံ လူနေတိုက်ခန်းတွဲကို ရုရှား ဒရုန်းထိမှန်လို့ မီးလောင်

မေလ ၃၀ – ၂၀၂၆

ရုရှားဒရုန်း တစင်းဟာ နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံက လူနေတိုက်ခန်းတွဲ တခုကို ထိမှန်ခဲ့လို့ မီးလောင်မှု ဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ရိုမေးနီးယား အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့က ယူကရိန်းနယ်စပ် အနီး Galați အရှေ့ပိုင်း မြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်အပေါ် ရိုမေးနီးယား မဟာမိတ်တွေဖြစ်တဲ့ နေတိုး နဲ့ ဥရောပသမဂ္ဂ EU တို့က ဝိုင်းဝန်း ရှုတ်ချခဲ့ကြပြီး၊ ဒါဟာ ရုရှားအနေနဲ့ ဥရောပ အတွက် တကယ့် အန္တရာယ်ကြီး ဖြစ်နေတယ် ဆိုတာကို ထပ်ပြီး သက်သေ ပြလိုက်တာပဲလို့ ယူကရိန်းဘက်က ဆိုပါတယ်။

ရိုမေးနီးယား သမ္မတ Nicușor Dan ကတော့ ဒီဒရုန်းဟာ ယူကရိန်း လေပိုင်နက်မှာ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေး တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လမ်းကြောင်းလွဲလာတာ ဖြစ်နိုင် တယ်လို့ ပြောဆိုပြီး၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ အဲဒီ ဒရုန်းဟာ ရုရှားဒရုန်း ဟုတ်မဟုတ် ဆိုတာကို နောက်ပိုင်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

ယူကရိန်းနဲ့ ၄ နှစ်ကြာ စစ်ဖြစ်နေတဲ့ အတောအတွင်း ရုရှားက ပစ်ခတ်တဲ့ ဒရုန်းတွေဟာ ရိုမေးနီးယား နိုင်ငံထဲကို အကြိမ်ကြိမ် လမ်းကြောင်းလွဲ ဝင်ရောက်ခဲ့ဖူးပေမဲ့ ရိုမေးနီးယား ပြည်သူတွေ ဒဏ်ရာရတာ ကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီဒရုန်းထဲမှာ ပါလာတဲ့ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ အားလုံးဟာ လူနေ အဆောက်အအုံရဲ့ ၁၀ ထပ် မြောက်မှာ ပေါက်ကွဲ သွားခဲ့လို့ မီးလောင်မှု ပြင်းထန်ခဲ့ရတာ ဖြစ်ကြောင်း ရိုမေးနီးယား အရေးပေါ် အခြေအနေ ဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောပါတယ်။

ပွန်းပဲ့ ဒဏ်ရာရခဲ့တဲ့ လူနှစ်ဦး ကတော့ ဆေးကုသမှု ခံယူဖို့ လိုအပ်ခဲ့လို့ Galați ခရိုင် အရေးပေါ် အထွေထွေ ရောဂါကု ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရပြီး၊ မီးငြှိမ်းသတ် နေတုန်းမှာ အဆောက်အဦး ထဲက လူပေါင်း ၇၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး ဌာနကတော့ ဒရုန်းတွေကို ထောက်လှမ်းမိတာနဲ့ ချက်ချင်းပဲ အက်ဖ်-၁၆ တိုက်လေယာဉ် နှစ်စင်းကို အရေးပေါ် ပျံသန်း စေခဲ့တယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်ကြီး Gheorghe Maxim ကတော့ ဒရုန်းကို စတင် ထောက်လှမ်းမိတဲ့ အချိန်ကနေ တိုက်ခန်းကို လာမှန်တဲ့ အချိန်အထိ စစ်တပ် အနေနဲ့ ၄ မိနစ်ပဲ အချိန်ရခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း ထပ်မံထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်မှာတော့ ဒါဟာ Shahed 136 လို့ သိကြတဲ့ Geran 2 အမျိုးအစား ဒရုန်းဖြစ်ပြီး ထိမှန်တဲ့ အချိန်မှာ ပါလာတဲ့ လက်နက်ပစ္စည်းတွေ အကုန်လုံး ပေါက်ကွဲ သွားခဲ့တာလို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။

ဗိုလ်ချုပ်ကြီး Maxim ကတော့ ရိုမေးနီးယား တပ်ဖွဲ့တွေ အနေနဲ့ ယူကရိန်း လေပိုင်နက်ထဲကို ကျော်ဝင်သွားမယ့် လက်နက်တွေကို ပစ်ခတ်ခွင့် မရှိတာကြောင့် ကြီးမားတဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။

“ယူကရိန်းကတော့ စစ်ဖြစ်နေတာပါ၊ ဒါပေမဲ့ ရိုမေးနီးယားက ငြိမ်းချမ်း နေတာမို့လို့ ကျွန်တော်တို့ အနေနဲ့ ယူကရိန်း လေပိုင်နက်ထဲကို လက်နက်တွေ ပစ်လို့ မရဘူး” လို့ သူက ရှင်းပြပါတယ်။

ရိုမေးနီးယား စစ်တပ် ကတော့ ဒါဟာ မိမိတို့နိုင်ငံကို တမင်တကာ တိုက်ခိုက်တာမျိုး မဟုတ်ဘဲ “နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အကျိုးဆက်တွေက ဒေသခံပြည်သူတွေ အပေါ် လာပြီး သက်ရောက်တာ” သာ ဖြစ်တယ်လို့ ပြည်သူတွေ စိုးရိမ်စိတ် လျော့နည်းအောင် ပြောဆိုထား ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version