THN Public Media Blog သတင်း နိုင်ငံတကာ ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမယ်လို့ ဇလန်စကီး အဆိုပြု
နိုင်ငံတကာ

ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမယ်လို့ ဇလန်စကီး အဆိုပြု

ဇွန် ၅ – ၂၀၂၆

စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှု အသစ်တရပ် အနေနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

လူကိုယ်တိုင် တွေ့ဆုံညှိနှိုင်းမှုတွေကို ဆွစ်ဇာလန် ဒါမှမဟုတ် တူရကီလို နိုင်ငံမျိုးမှာ ပြုလုပ်နိုင်တယ်လို့ ဇီလန်းစကီးက ပြောပါတယ်။

ရုရှားသမ္မတထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ယူကရိန်းခေါင်းဆောင်က ဒီစစ်ပွဲအပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှု ပြန်လည် ရောက်ရှိ လာမယ့် အချိန်အထိ “ဒီအတိုင်း ထိုင်စောင့်နေဖို့ပဲဆိုရင် မှားလိမ့်မယ်” လို့ ပြောကြားခဲ့ပြီး၊ ငြိမ်းချမ်းရေးဟာ ယူကရိန်းနဲ့ ရုရှားအကြား “တိုက်ရိုက် ဆွေးနွေးမှုကနေပဲ” လာနိုင်မှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ ပါတယ်။

ဒါ့အပြင် သူက အဆိုပြုထားတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေစဉ် အတွင်း အပစ်အခတ် အပြည့်အဝ ရပ်စဲထားဖို့လည်း တောင်းဆိုခဲ့ပေမဲ့ ပူတင်ကတော့ ဒါကို ကြာသပတေးနေ့ အစောပိုင်းတုန်းကပဲ ပယ်ချထားပြီး သား ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ အဲဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမယ်ဆိုရင် “တကယ့်ကို ကောင်းမွန် လိမ့်မယ်” လို့ သူထင်ကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကရင်မလင် နန်းတော်ကလည်း အဆိုပါစာကို လက်ခံရရှိထားကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီစာရဲ့ လေသံကတော့ ရုရှားပိုင်နက်ထဲကို မကြာသေးခင်က ယူကရိန်းရဲ့ တိုက်ခိုက်မှု တွေကို အသားပေး ဖော်ပြထားပြီး စိန်ခေါ်လိုတဲ့ပုံစံ၊ သရော်ထားတဲ့ ပုံစံမျိုးတောင် ဖြစ်နေပါတယ်။

ဇလန်စကီးက ပူတင်အနေနဲ့ “အာဏာရလာတာ ၂၆ နှစ်ရှိပြီဖြစ်လို့ အသက်အရွယ် ကလည်း သူ့အပေါ် သက်ရောက်မှုရှိလာပြီ” လို့ ဖော်ပြခဲ့ပါတယ်။

ဒီစာထဲမှာ ပါတဲ့ ဖိတ်ခေါ်ချက်ကတော့….

” ခင်ဗျား နဲ့ ကျွန်တော့် အကြား တိုက်ရိုက် ဆွေးနွေးမှုကနေ တဆင့် အဆုံးသတ်ဖို့ ယူကရိန်းက အဆိုပြုပါတယ်၊ တွေ့ဆုံဖို့ ကျွန်တော် အဆိုပြုနေတာပါ” လို့ ဇလန်စကီးက ရေးသား ထားပါတယ်။

ဒါဟာ ယူကရိန်းခေါင်းဆောင်ဘက်က အသစ်အဆန်း ကမ်းလှမ်းချက် တော့ မဟုတ်ပါဘူး။

ယခင်ကလိုပဲ ကရင်မလင်ဘက်က ပြန်လည် တုံ့ပြန်ရာမှာတော့ ဇလန်စကီး အနေနဲ့ မော်စကိုမြို့မှာ ပူတင်နဲ့ လာရောက်တွေ့ဆုံဖို့ ကြိုဆိုတယ်လို့ ဆိုပါတယ်။

သတိပြုစရာ ထူးခြားချက်ကတော့ အမေရိကန်အနေနဲ့ “အီရန်အရေး ကိစ္စပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေတယ်” ဆိုတာကို ယူကရိန်းအစိုးရ ဘက်က လူသိရှင်ကြား အသိအမှတ်ပြုလိုက်တာပါပဲ။

“ဥရောပမှာ ဖြစ်နေတဲ့ ဒီစစ်ပွဲက အမေရိကန်ရဲ့ အဓိက အာရုံစိုက်မှု ဆီ ပြန်မရောက် မချင်း ဒီအတိုင်း ထိုင်စောင့်နေမယ်ဆိုရင်တော့ မှားပါ လိမ့်မယ်” လို့ ဇလန်စကီးက ရေးခဲ့ပါတယ်။

စိန့်ပီတာစဘတ်မြို့မှာ နိုင်ငံခြား သတင်းထောက်တွေကို ပြောကြား ရာမှာတော့ ပူတင်က ဒီစာရဲ့ အကြောင်းအရာ တွေကို မသိရသေးတဲ့ ပုံစံမျိုးနဲ့ “ယူကရိန်းနဲ့ သဘောတူညီချက်ရဖို့ စိတ်ဆန္ဒရှိနေပြီး အသေအချာ ပြင်ဆင်ထားတယ်…” လို့ ပြောခဲ့ပေမဲ့ အလျှော့အတင်းတွေတော့ လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ထရမ့်က အီရန်ကိစ္စနဲ့ အလုပ်ရှုပ်နေတာကြောင့် အီးယူ (EU) အနေနဲ့ ဇလန်စကီးကို နယ်မြေတွေ အရှုံးပေးဖို့ ဆွဲဆောင် စည်းရုံးနိုင်တယ်လို့ ပူတင်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ပူတင်ရဲ့ ရေရှည်ရပ်တည်ချက် ကတော့ ယူကရိန်း အနေနဲ့ ရုရှားက အများစု သိမ်းပိုက်ထားတဲ့ ဒိုးနက်စ်၊ လူဟန့်စ်၊ ခါဆွန်နဲ့ ဇာပိုရီရှား စတဲ့ ဒေသလေးခု ကနေ ဆုတ်ခွာပေးရမှာဖြစ်ပြီး နေတိုး (Nato) အဖွဲ့ထဲဝင်ဖို့ ကြိုးပမ်းမှုတွေကိုလည်း စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

ယူကရိန်းဘက် ကတော့ နယ်မြေပေးဖို့ကို လုံးဝငြင်းပယ်ထားပြီး၊ ဒါဟာ ခရိုင်းမီးယားကို တရားမဝင် သိမ်းပိုက်ပြီး ၈ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ အကြီးစားစစ်ပွဲ ဆင်နွှဲခဲ့သလိုမျိုး ရုရှားကို နောက်တကြိမ် ကျူးကျော်ဖို့ ရဲဆေးတင်ပေးသလို ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

မကြာသေးမီလတွေ အတွင်း အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ ရပ်တန့်နေခဲ့ပြီး ဂျနီဗာ၊ အဘူဒါဘီနဲ့ အစ္စတန်ဘူလ်မြို့တွေမှာ ပြုလုပ်ခဲ့တဲ့ အရင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း ပျက်ပြားခဲ့ဖူးပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version