THN Public Media Blog သတင်း War ဖားကန့်မှာ စစ်တပ်စခန်း ၅ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်
War နိုင်ငံရေး ပြည်တွင်း

ဖားကန့်မှာ စစ်တပ်စခန်း ၅ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဧပြီ ၄ – ၂၀၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီ ၂ ရက်၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ငါးခုကို တိုက်ခိုက် သိမ်းပိုက် ထားပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် ကာကင်းစခန်းတွေဖြစ်တဲ့ အင်မားယန်သုသာန်ကုန်း၊ ဆွတ်ငိုင်ယန် အင်တောင်ဘွမ်၊ မော်ဝမ်းကြီးတာဝါတိုင်ကုန်း၊ မော်ဝမ်းဆွတ်ဘွမ်ရွာနဲ့ မော်ဝမ်းကျောင်းကုန်း တို့ကို KIA ပူးပေါင်း တပ်ဖွဲ့တွေက ဧပြီ ၂ ရက် မနက် ၁၁ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကာကင်းစခန်းတွေ တိုက်ခိုက် ထိန်းချုပ်ခံရတဲ့အတွက် စစ်တပ်ဘက်က ဆယ်ဇင်း၊ အင်းတော်ကြီး ဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပြီး မြို့အတွင်း ကျရောက် ပေါက်ကွဲမှု တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဆယ်ဇင်း လေကြောင်းဖြစ်စဉ်မှာ တယောက် သေတယ်။ ငါးယောက် အရေးပေါ် ဆေးကုသနေရတယ်။ မနေ့ (ဧပြီ ၂) မွန်းလွဲ ၃ နာရီ လောက်ကလည်း အင်းတော်ကြီး အရှေ့ဘက်ကမ်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်တယ်။ အထိအခိုက် မသိရသေးဘူး။ တိုက်ပွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ မြို့ထဲ ကျရောက် ပေါက်ကွဲတာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။

ဧပြီ ၂ ရက်နေ့ မနက် ၆ နာရီ ၃၅ မိနစ်ဝန်းကျင်က ဖားကန့်မြို့၊ မြို့မ ရပ်ကွက်နဲ့ ကလပ်ကုန်း အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ခြောက်ယောက် ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

“မြို့မရပ်ကွက်က ဆောင်းကဖေးဆိုင်ရှေ့ လက်နက်ကြီးကျည် လေးလုံး ကျတာမှာ လူထိခိုက်မှုဖြစ်တာ။ ဒဏ်ရာရ ခြောက်ယောက်မှာ လေးယောက် က ဒဏ်ရာပြင်းထန်တယ်။ တိုက်ပွဲက ဖားကန့်က နေရာတိုင်း လိုလိုမှာ ဖြစ်တာလို့ ပြောလို့ရတယ်။ လေကြောင်းက တရစပ် ပစ်နေတော့ နှစ်ဖက် တပ်ဖွဲ့တွေလည်း အထိအခိုက်များတယ်” လို့ သူက ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်နဲ့ မတ်လ ဆန်းပိုင်းကလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက် စစ်ရေး အခြေအနေ ငြိမ်သက်နေခဲ့တာ ဖြစ်ပေမယ့် ဧပြီ ၂ ရက်မှာတော့ KIA ပူးပေါင်းတပ်တွေက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Crd – VOM

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version