THN Public Media Blog သတင်း War မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို စစ်တပ်ထိန်းချုပ်၊ PDF တွေ ဆုတ်ခွာ ပေးရ
War ပြည်တွင်း

မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို စစ်တပ်ထိန်းချုပ်၊ PDF တွေ ဆုတ်ခွာ ပေးရ

မတ်လ ၂၅ ၂၀၂၆

လက်နက်ခဲယမ်း လိုအပ်ချက်၊ ရိက္ခာ အခက်အခက်တွေနဲ့ လူအင်အား မမျှ တော့တာကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့ ကနေ PDF တပ်တွေ ပြန်လည် ဆုတ်ခွာ ပေးနေရပြီ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ တအာင်းတပ် (TNLA) က စစ်တပ်ကို မိုးကုတ်မြို့ ပြန်ပေးခဲ့ပြီးနောက် PDF တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းကနေ စပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကြားက နေရာတွေ မှာ ခြေကုပ်ယူကာ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲကာလ အချိန် သုံးလကျော် ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

“အခြေအနေက မိုးမိတ်ကလာတဲ့ စစ်ကြောင်းနဲ့ တွင်းငယ်က ထွက်လာတဲ့ စစ်ကြောင်းတွေကြောင့် လက်နက်ကိုင်တပ်တွေ နောက်ဆုတ် ပေးလိုက် ရတာ။ မဆုတ်ပေးရင်လည်း ကြားညပ်တော့မှာလေ။ အဲဒါကြောင့် ကျောက်ဆင်၊ ဘော်မားဘက် ကနေ တပ်ပြန်ဆုတ်သွားတာ။ အဲဒါက သူတို့ရဲ့ ထွက်ပေါက်ပဲလေ။ အဲဒီကနေ ဆင်းသွားရင် မိုးမိတ်နယ်ထဲကို ရောက်သွားပြီ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ မိုးမိတ်မြို့ ဗျူဟာ ကနေ မိုးမိတ် – တွင်းငယ် လမ်းကြော ပေါ်က ဘော်ဒေရွာမှာ စစ်ဆိုင်ထားတာ ကြာပြီဖြစ်ပြီး မိုးမိတ် – တွင်းငယ် အစပ် တောင်လယ်ရွာ ဘက်နေလည်း စစ်ကြောင်း တကြောင်းနဲ့ စစ်မျက်နှာ နှစ်ဘက်ညှပ်ထားတယ်လို့ သူက ပြောပါတယ်။

မနေ့ မတ် ၂၄ ရက်မှာတော့ မိုးမိတ်ကနေ လာတဲ့ စစ်ကြောင်းနဲ့ တွင်းငယ် ကနေ ထွက်လာတဲ့ စစ်ကြောင်းတွေ သစ်ခွပင်ရွာမှာ ဆုံပြီး မိုးမိတ် – တွင်းငယ် လမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

“အခု အဲဒီလမ်းပိုင်း တခုလုံးကို အစိုးရတပ် ရသွားပြီလို့ ပြောလို့ရတယ်။ အစိုးရတပ် မရောက်ခင် ကင်းချောင်းနဲ့ သစ်ဆိမ့်ကုန်းတဝိုက်ကနေလည်း လက်နက်ကိုင် တပ်တွေ ပြန်ဆုတ်‌သွားပြီ။ အခုက တပ်ဖွဲ့အများစု ပြန်ထွက်ခွာ ပြီလို့ ပြောလို့ရပေမယ့် ကျန်တဲ့ အဖွဲ့တွေလည်း တချို့ ကျန်နေသေးတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေလည်း အနှေးနဲ့အမြန် ပြန်ဆုတ် ကြရမှာပါ။ မိုးမိတ် – တွင်းငယ် လမ်းပိုင်းကို အစိုးရတပ် အလုံးစုံ ထိန်းချုပ်သွားနိုင်ပြီဆိုတော့ အခြေအနေက ပိုခက်ခဲသွားနိုင်တယ်” လို့ သူက ပြောပါတယ်။

မိုးမိတ် – တွင်းငယ် လမ်းပိုင်းကို စစ်တပ်က ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ပတ်ကျော် အကြာမှာတော့ PDF တပ်တွေ ဘက်က အဲဒီလမ်းပိုင်းကို လက်လွှတ် ပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မိုးကုတ်မြို့နယ် အနောက်ခြမ်းမှာ အထိုင်ချထားတဲ့ PDF တပ်တွေလည်း ဆုတ်ခွာပေးနေရပြီး မိုးကုတ် အနောက်ခြမ်းတခုလုံးကို စစ်တပ်က ထိန်းချုပ်ထားတယ်လို့ သိရပြီး လက်ရှိ စစ်ရေး အခြေအနေ အရ စစ်တပ်ဟာ ပြင်ဦးလွင် – နောင်ချို – မိုးကုတ် လမ်းပိုင်းနဲ့ မိုးကုတ် – မိုးမိတ် လမ်းပိုင်းတို့ကို စိုးမိုးထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ ကနေ PDF တွေ မဆုတ်ခွာခင်မှာ စခန်းကြီး၊ ကျောက်ဆင်၊ ဘော်မား၊ ကျောက်နဂါး အစရှိတဲ့ ကျေးရွာတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ သေးတယ်လို့ သိရပါတယ်။

crd – VOM

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version