THN Public Media Blog သတင်း နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှုကို AA ကူညီနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ပြော
နိုင်ငံတကာ

မူးယစ်ဆေးဝါး မှောင်ခိုမှုကို AA ကူညီနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ပြော

မူးယစ်ဆေးဝါး မှောင်ခိုမှုကို AA ကူညီနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ပြော
စက်တင်ဘာ ၁၆ – ၂၀၂၅
မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA က ကူညီနေကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ဗိုလ်မှူးကြီး Md Mohiuddin Ahmed က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Prothom alo သတင်းမှာ ဖေါ်ပြထား ပါတယ်။
ဗိုလ်မှူးကြီး Md Mohiuddin Ahmed က မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တွေဟာ မြန်မာနယ်စပ် ကနေ တဆင့် တိုးလာနေကြောင်း၊ ရခိုင်ပြည်နယ် ကို သိမ်းပိုက်ထားတဲ့ AA က ဒီကိစ္စမှာ အကူအညီပေးနေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ၈၀ ရာခိုင်နှုန်း လောက်ဟာ ပင်လယ်ရေကြောင်း ကနေ တဆင့် ဝင်ရောက်နေတယ်လို့ ဗိုလ်မှူးကြီး က ပြောပါတယ်။
ဒါ့အပြင် AA ဟာ နတ်မြစ်တစ်လျှောက် ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်း သမား ၂၂၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အဲဒီအထဲက ၁၂၄ ဦးကို BGB က ကယ်ဆယ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ AA နဲ့ ဆက်သွယ်မှု မရရှိတော့တဲ့ အတွက် ကျန်ရှိသူတွေ ကို ချက်ချင်းပြန်ခေါ် မပေးနိုင်သေးကြောင်းလည်း ပြောကြားပါတယ်။
BGB အနေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ မှောင်ခိုကူးမှုတွေကို တားဆီးနိုင်ဖို့ အတွက် ရေဒါတွေ၊ ဒရုန်းတွေ၊ ညကြည့်မှန်ပြောင်းတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ရလဒ်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ တရားမဝင်လက်နက် အများအပြားကို ဖမ်းဆီးနို င်ခဲ့ကြောင်း ဗိုလ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ကနေ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ မူးယစ် ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေး ၁၄၇ ခုမှာ ယာဘဆေးပြား ၂.၈ သန်း (တန်ဖိုး ဘင်္ဂလားဒေ့ရှ် တာကာ ၈၈၀ သန်း)၊ အိုင်စ် မူးယစ်ဆေး ၈၁၆ ဂရမ် နဲ့ မှောင်ခိုသမား ၁၈၈ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းစာရှင်းလင်း ပွဲ မှာ ထုတ်ဖေါ်ပြောကြားပါတယ်။
ပြီးခဲ့တဲ့ တနှစ်တာ ကာလအတွင်း ဘင်္ဂလားဒေ့ရှ် တာကာ ၁၃.၂၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ကိုလည်း သိမ်းဆည်းခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးမှောင်ခိုကူးမှု အပြင် လက်နက်မှောင်ခိုကူးမှု၊ လူကုန်ကူးမှု၊ အစားအသောက် ပစ္စည်း မှောင်ခိုကူးမှုတွေကိုလည်း တွေ့ရှိရကြောင်း ဗိုလ်မှူးကြီးက မီးမောင်းထိုးပြခဲ့ပါတယ်။
ရိုဟင်ဂျာတွေက တဆင့် မူးယစ်ဆေးဝါးနဲ့ လက်နက်တွေကို မှောင်ခိုကူး နေကြောင်း ပြောကြားခဲ့ပြီး ဒီပစ္စည်း အများစုကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ သိုလှောင်ထားကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ဇန်နဝါရီလ ကတည်းက နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၁၇ ဦးကို BGB က ငွေကြေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံလူငယ်တွေ မူးယစ်ဆေးဝါးဘေးက ကာကွယ်ဖို့ အတွက် ပုံမှန် အားကစားပွဲတွေလည်း ကျင်းပပေးနေကြောင်းလည်း ပြောကြားခဲ့ ပါတယ်။
Ref: Prothom alo
—————————
THN Public Media
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version