THN Public Media Blog သတင်း နိုင်ငံတကာ ရုရှားနဲ့ ဘယ်လာရုစ် စစ်ရေးပစ်ခတ်စွမ်းအား ပြသ၊ ဥရောပကို သတင်းစကားပေးပုံရ
နိုင်ငံတကာ

ရုရှားနဲ့ ဘယ်လာရုစ် စစ်ရေးပစ်ခတ်စွမ်းအား ပြသ၊ ဥရောပကို သတင်းစကားပေးပုံရ

ရုရှားနဲ့ ဘယ်လာရုစ် စစ်ရေးပစ်ခတ်စွမ်းအား ပြသ၊ ဥရောပကို သတင်းစကားပေးပုံရ
စက်တင်ဘာ ၁၆ – ၂၀၂၅
ဘယ်လာရုစ် နိုင်ငံ မြို့တော် Minsk ကနေ ၄၅ မိုင် ဝေးတဲ့ ကျယ်ပြန့်တဲ့ လယ်ကွင်း တခုမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ရုရှားတို့ရဲ့ Sukhoi-34 ဗုံးကြဲလေယာဉ်တွေက မြေပုံညွှန်း ဗုံးတွေ ကြဲချတဲ့ အတွက် ကြီးမားတဲ့ ပေါက်ကွဲမှုတွေကို တွေ့နေရပါတယ်။
မီးခိုးလုံးကြီးတွေဟာလည်း ကောင်းကင်ကို ဖုံးလွှမ်းပြီး မဲမှောင်နေ ပါတယ်။
အဲဒီ လယ်ကွင်းနေရာ တခုလုံးဟာ မော်တာနဲ့ အမြောက်ကျည်ဆန် ပေါက်ကွဲသံတွေနဲ့ ပဲ့တင်ထပ်နေတော့ပါတယ်။
စောင့်ကြည့်ရေး ဒရုန်းတွေ ဟာလည်း ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေ ကို ကြည့်ဖို့ ဝေဟင်မှာ ပျံသန်းနေသလို တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ကလည်း တိုက်ပွဲမှာ ပါဝင်လာခဲ့ကြပါတယ်။
ဒီဖြစ်စဥ် တခုလုံး ကတော့ စစ်တင်ဘာ ၁၂ ရက် သောကြာနေ့က စစ်ရေးလေ့ကျင့်မှုတခု ပြုလုပ်နေတာသာ ဖြစ်ပါ တယ်။
“West 2025” လို့ နာမည်ပေးထားတဲ့ ရုရှားနဲ့ ဘယ်လာရုစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို နိုင်ငံတကာက မီဒီယာတွေနဲ့ သံရုံးတွေက စစ်သံမှူးတွေကိုပါ Borisovsky လေ့ကျင့်ရေး ကွင်းထဲ ခေါ်ဆောင် ပြသ ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီစစ်ရေး လေ့ကျင့်မှုဟာ စီစဥ်ထားတဲ့ အတိုင်း လေးနှစ်တကြိမ်ပြုလုပ်တဲ့ လေ့ကျင့်မှုတွေဖြစ်ပြီး၊ ၂၀၂၂ တုန်းကတော့ စစ်သည် ၂၀၀၀၀၀ ပါဝင် ခဲ့ကာ အခုနှစ် မှာတော့ အရင်လောက် စစ်သည် မပါဝင်တော့ပါ။
မော်စကိုနဲ့ ဘယ်လာရုစ် တို့ရဲ့ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေး အတွက် သက်သက် သဘောဆောင် ကြောင်း၊ နှစ်နိုင်ငံ လုံခြုံရေး ကို အားကောင်းစေဖို့နဲ့ ဖြစ်နိုင်ခြေ ပြင်ပရန်တွေကို တန်ပြန်ဖို့ ရည်ရွယ် တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ခွဲ အကြာ ဖေဖော်ဝါရီ ၂၀၂၂ တုန်းကလည်း “Union Resolve” ဆိုတဲ့ ဘယ်လာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပြီး လေ့ကျင့်မှု ပြီးသွားတဲ့ အခါ ရုရှားစစ်သားတွေဟာ အိမ်မပြန်ကြဘဲ ဘယ်လာရုစ်ပိုင်နက်ကနေ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော် တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။
အခုအကြိမ်မှာတော့ ဘယ်လာရုစ်က ဖုံးကွယ်ထားစရာ ဘာမှမရှိဘူးလို့ အခိုင်အမာ ပြောဆိုနေပါတယ်။
အမေရိကန်၊ တူရကီနဲ့ ဟန်ဂေရီ အပါအဝင် ၂၃ နိုင်ငံက ကိုယ်စားလှယ် တွေဟာ ဒီ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုခဲ့ကြပါတယ်။
ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးရဲ့ လက်ထောက် Valery Revenko က လေ့ကျင့်ရေးကွင်းမှာ ရှိတဲ့ သတင်းထောက်တွေကို “ကျွန်တော်တို့ ဒီလေ့ကျင့်ခန်း ကို ပွင့်လင်းမြင်သာမှု မရှိအောင် မလုပ်ခဲ့ပါဘူး။ ဒါဟာ မကြုံစဖူး ပါပဲ။”
“ကျွန်တော်တို့ ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ အပြုသဘော ဆောင်တဲ့ လက်တွေ့ကျတဲ့ ဆွေးနွေးမှု မျိုးကိုပဲ ကျွန်တော်တို့ လိုချင်တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ပိုလန်ဝန်ကြီးချုပ် Donald Tusk ကတော့ ယုံကြည်ပုံမရပေ။
သူက “West 2025” စစ်ရေးလေ့ကျင့်မှုများကို “အလွန်ရန်လိုတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပိုလန်ဟာ ဒီ လေ့ကျင့်မှုတွေ မတိုင်ခင် ဘယ်လာရုစ်နဲ့ နယ်စပ်ကို ပိတ်ခဲ့ တာကြောင့် ဘယ်လာရုစ် ဘက်က ဒေါသနဲ့ တုန့်ပြန်မှုတွေ ရှိခဲ့ပါတယ်။
“West 2025” ဟာ အရှေ့ဥရောပဒေသမှာ တင်းမာမှုတွေ မြင့်တက် နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
တောင်ဘက်မှာ ရုရှားက ယူကရိန်း အပေါ် စစ်ပွဲကို အဆုံးသတ်ဖို့ လက္ခဏာ မပြသေးပါ။
ပြီးခဲ့တဲ့ အပတ်က ဆိုရင် ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်းတွေ ဝင်ရောက် ခဲ့တာကြောင့် ဒါဟာ ပိုလန် လေပိုင်နက်ကို ရုရှားတို့ဟာ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာလို့ ပိုလန်က စွပ်စွဲခဲ့ပါတယ်။
ရိုမေးနီးယား နိုင်ငံ ကလည်း ရုရှားဒရုန်း တစင်း ရိုးမေးနီးဘား လေပိုင်နက် ကို ချိုးဖောက်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
“West 2025” စစ်ရေးလေ့ကျင့်မှုကို ဘယ်လာရုစ် အာဏာပိုင်တွေက နိုင်ငံတကာ မီဒီယာတွေကို ဖိတ်ကြားခဲ့ခြင်းဟာ အမြင် နှစ်မျိုး ရှိနိုင် ပါတယ်။
တခုကတော့ ပွင့်လင်းမြင်သာမှုကို ပြသဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Borisovsky လေ့ကျင့်ရေးကွင်း ထဲက ပေါက်ကွဲမှုတွေနဲ့ သေနတ်သံတွေဟာ အနောက်နိုင်ငံတွေ အတွက် သတင်းစကား တခု လည်း ဖြစ်နိုင်ပါတယ်။
ဥရောပအတွက် အရေးကြီးဆုံး သတင်းစကား ကတော့ “မင်းတို့ရဲ့ ခြံရှေ့က ဒီစစ်အင်အားကို ကြည့်ပြီး စဉ်းစားပါ။ မော်စကိုနဲ့ ထိပ်တိုက် ရင်ဆိုင်ခြင်းဟာ မင်းတို့အတွက် အကောင်းဆုံး အကျိုးစီးပွား မဟုတ်ပါ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။
—————————
THN Public Media
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version