THN Public Media Blog သတင်း နိုင်ငံတကာ လကမ္ဘာဆွဲအား နယ်ပယ်ထဲကို အာကာသယာဥ်ငယ် ရောက်ရှိပြီ၊ မကြာခင် လကမ္ဘာပတ်လမ်းထဲဝင်ပြီး လကိုလှည့်ပတ် လေ့လာမယ်
နိုင်ငံတကာ

လကမ္ဘာဆွဲအား နယ်ပယ်ထဲကို အာကာသယာဥ်ငယ် ရောက်ရှိပြီ၊ မကြာခင် လကမ္ဘာပတ်လမ်းထဲဝင်ပြီး လကိုလှည့်ပတ် လေ့လာမယ်

ဧပြီ ၆ – ၂၀၂၆

Artemis II လကမ္ဘာခရီးစဥ်မှာ Orion အာကာသယာဥ်ငယ် နဲ့အတူ လိုက်ပါလာတဲ့ အာကာသယာဉ်မှူး လေးဦးဟာ အခုဆိုရင် လကမ္ဘာရဲ့ ဆွဲငင်အားနယ်ပယ် ထဲကို ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။

ဒါဟာ အာကာသယာဉ်အပေါ်မှာ ကမ္ဘာမြေရဲ့ ဆွဲအားထက် လကမ္ဘာရဲ့ ဆွဲအားက ပိုပြီး သက်ရောက်မှု ရှိလာပြီလို့ ဆိုလိုတာပါ။

ဒီလို အပြောင်းအလဲဟာ ခရီးစဉ် စတင်ပြီး ၄ ရက်နဲ့ ၆ နာရီ ၂ မိနစ်အကြာ လကမ္ဘာနဲ့ မိုင်ပေါင်း ၃၉၀၀၀ အကွာအဝေး အရောက် မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးဆုံး နောက်တဆင့်ကတော့ မနက်ဖြန်မှာ ဖြစ်လာမှာပါ။

အဲဒီအချိန်မှာ အာကာသယာဉ်ဟာ လရဲ့တဖက်ခြမ်းကို ပတ်ပျံမှာဖြစ်ပြီး လူသားတွေဟာ အရင်ကထက် အာကာသရဲ့ ပိုနက်တဲ့ အပိုင်းထဲကို အဝေးဆုံး အထိ ရောက်ရှိသွားကြမှာ ဖြစ်ပါတယ်။

အဲဒီ အဝေးဆုံးအမှတ် ကို ရောက်တဲ့အခါ အာကာသယာဉ်မှူး ၄ ဦးဟာ ကမ္ဘာမြေ ကနေ မိုင်ပေါင်း ၂၅၂၇၅၇ အကွာကို ရောက်ရှိနေမှာပါ။

ဒါဟာ အရင်က အပိုလို ၁၃ အဖွဲ့ဝင်တွေ တင်ထားခဲ့တဲ့ စံချိန်ဟောင်းထက် မိုင်ပေါင်း ၄၀၀၀ ကျော် ပိုဝေး သွားတာလည်း ဖြစ်ပါတယ်။

သူတို့ ဦးဟာ အခုဆိုရင် ၁၉၇၂ ခုနှစ်က အပိုလို ၁၇ ခရီးစဉ် နောက်ပိုင်း လကမ္ဘာရဲ့ အဝင်တံခါးကို ပထမဆုံး အကြိမ် ဖြတ်ကျော်နိုင်တဲ့ လူသားတွေ ဖြစ်လာခဲ့ပါပြီ။

အာကာသယာဉ်မှူးအဖွဲ့ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ လကမ္ဘာ အနား ကနေ ဖြတ်ပျံဖို့ အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီထဲမှာ ယာဉ်ကို ကိုယ်တိုင် မောင်းနှင်ပြသတာတွေ၊ ၆ နာရီကြာ လေ့လာရေး ခရီးစဉ် အတွက် သိပ္ပံဆိုင်ရာ ရည်မှန်းချက်တွေကို ပြန်လည် သုံးသပ်တာတွေနဲ့ အရေးပေါ်အခြေအနေ ဒါမှမဟုတ် ကမ္ဘာကို အပြန်မှာ အသက်ကယ်ဖို့ အတွက် အသုံးပြုမယ့် အာကာသဝတ်စုံတွေကို စစ်ဆေး တာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ သူတို့မှာ အပြင်ဘက်က ရှုခင်းတွေကို ကြည့်ဖို့ အချိန် အလုံအလောက်လည်း ရခဲ့ကြပြီး အဲဒီရှုခင်းတွေ ကတော့ တကယ့်ကို အံ့မခန်းပါပဲ။

နာဆာ က နောက်ဆုံးမျှဝေလိုက်တဲ့ ဓာတ်ပုံတွေထဲမှာ အာကာသယာဉ်မှူးတွေဟာ Orion ယာဉ်ရဲ့ ပြတင်းပေါက် ကနေ ကမ္ဘာမြေကြီးကို ငေးကြည့်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Orion ယာဉ်ဟာ ဧပြီလ ၆ ရက် တနင်္လာနေ့၊ သန်းခေါင်ယံကျော် ချိန်မှာ လကမ္ဘာရဲ့ အနီးအနားကို ရောက်ရှိမှာပါ။

အဲဒီနေ့နှောင်းပိုင်းမှာတော့ အဖွဲ့ဝင်တွေဟာ ၁၉၇၀ ခုနှစ်က အပိုလို ၁၃ အာကာသယာဉ်မှူးတွေ တင်ထား ခဲ့တဲ့ မိုင် ၂၄၈၆၅၅ ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး လူသားတွေ ကမ္ဘာကနေ အဝေးဆုံးရောက်ရှိတဲ့ အမှတ်ကို ရောက်သွားဖို့ ရှိနေပါတယ်။

လကမ္ဘာကို လေ့လာစောင့်ကြည့်မယ့် အချိန်ကတော့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ စတင်မှာဖြစ်ပြီး၊ နောက်ထပ် နာရီအနည်းငယ် အကြာမှာတော့ သူတို့ဟာ လရဲ့ နောက်ကွယ် ကို ရောက်သွားမှာ ဖြစ်လို့ ကမ္ဘာနဲ့ ခေတ္တ ဆက်သွယ်မှု ပြတ်တောက်သွားမှာပါ။

Orion ယာဉ်ဟာ လမျက်နှာပြင်နဲ့ အနီးကပ်ဆုံး ဖြစ်မယ့် ညနေ ၇ နာရီ ၂ မိနစ် အချိန်မှာ လ မျက်နှာပြင် ကနေ ၄၀၆၆ မိုင်အကွာကို ရောက်ရှိပါလိမ့်မယ်။

အဲဒီအကွာအဝေး ကနေ ဆိုရင် လကမ္ဘာကြီး တခုလုံးကို အချပ်ပြားကြီး အတိုင်း မြင်တွေ့ရမှာ ဖြစ်ပြီး မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း အနီးနားက ဒေသတွေကိုပါ မြင်တွေ့ရမှာ ဖြစ်တယ်လို့ နာဆာက ဆိုပါတယ်။

အဲဒီနောက်မှာတော့ အာကာသယာဉ်မှူးတွေဟာ နေကြတ်တာကိုပါ မြင်တွေ့ခွင့်ရဦးမှာပါ။

Orion ယာဉ်၊ လကမ္ဘာနဲ့ နေတို့ဟာ တစ်တန်းတည်း ကျသွားတဲ့ အတွက် နေမင်းကြီးဟာ လရဲ့ နောက်ကွယ်မှာ တနာရီလောက် ပျောက်ကွယ်သွားတာကို သူတို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နာဆာ အနေနဲ့ ဒီဖြတ်ပျံတဲ့ ခရီးစဉ်ကို အရှေ့ပိုင်း စံတော်ချိန် နေ့လယ် ၁ နာရီက စပြီး တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version