THN Public Media Blog သတင်း နိုင်ငံတကာ ဟန်ဂေရီနိုင်ငံ ရွေးကောက်ပွဲမှာ အာဏာရ မစ္စတာအော်ဘန် ရှုံးနိမ့်ပြီး ၁၆ နှစ် အုပ်ချုပ်မှု နိဂုံးချုပ်
နိုင်ငံတကာ

ဟန်ဂေရီနိုင်ငံ ရွေးကောက်ပွဲမှာ အာဏာရ မစ္စတာအော်ဘန် ရှုံးနိမ့်ပြီး ၁၆ နှစ် အုပ်ချုပ်မှု နိဂုံးချုပ်

ဧပြီ ၁၃ – ၂၀၂၆

ဟန်ဂေရီနိုင်ငံ ရွေးကောက်ပွဲမှာ အတိုက်အခံ ပီတာ မဂ်ယာ က မဲ အပြတ် အသတ် အနိုင်ရရှိမှုနဲ့အတူ မစ္စတာ အော်ဘန် ရဲ့ ၁၆ နှစ် အုပ်ချုပ်မှု လည်း နိဂုံးချုပ် သွားခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ ဗစ်တာ အော်ဘန်ရဲ့ ၁၆ နှစ်ကြာ အာဏာစိုးမိုးမှုဟာ အဆုံးသတ် သွားခဲ့ပြီး ရွေးကောက်ပွဲနည်းကျ အာဏာရှင်စနစ် လို့ ဝေဖန် ခံခဲ့ရတဲ့ သူ့ရဲ့ အုပ်ချုပ်ရေး ယန္တရားဟာလည်း ပြိုလဲ ပျက်စီးသွားခဲ့ရပြီ ဖြစ်ပါတယ်။

ဒါဟာ ဟန်ဂေရီ ပြည်သူအများစုကို အပြောင်းအလဲ အတွက် စည်းရုံး နိုင်ခဲ့တဲ့ အသက် ၄၅ နှစ် အရွယ် Tisza ပါတီ ခေါင်းဆောင် ပီတာ မဂ်ယာ ရဲ့ စွမ်းဆောင်နိုင်မှု ဖြစ်ပါတယ်။

“ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ” လို့ ပီတာ မဂ်ယာက ဒန်းနုမြစ် ဘေးက ရင်ပြင် တခုမှာ စုဝေးနေတဲ့ သူ့ကို ထောက်ခံအားပေးသူ လူအုပ်ကြီးကို ပြောကြားလိုက်ပါတယ်။

မြစ်ရဲ့ တဘက်ကမ်းမှာတော့ ခန့်ညားထည်ဝါလှတဲ့ ဟန်ဂေရီ လွှတ်တော် အဆောက်အအုံကြီးကို လှမ်းမြင်နေရပြီး သူက “ကျွန်တော်တို့ အားလုံး စုပေါင်းပြီး ဟန်ဂေရီ အုပ်ချုပ်ရေး ယန္တရားဟောင်းကို ဖြုတ်ချနိုင်ခဲ့ပြီ” လို့ ဆက်ပြောပါတယ်။

မဲအရေအတွက် ၉၈ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးစီး ချိန်မှာတော့ သူ့ရဲ့ Tisza ပါတီဟာ လွှတ်တော် အမတ်နေရာ ၁၃၈ နေရာ အထိ အံ့အား သင့်ဖွယ် အနိုင်ရဖို့ သေချာသလောက် ရှိနေပြီး အော်ဘန် ရဲ့ Fidesz ပါတီက ၅၅ နေရာနဲ့ လက်ယာစွန်းရောက် “ကျွန်ုပ်တို့ရဲ့ မိခင်နိုင်ငံ” ပါတီက ၆ နေရာစီ ရရှိထားကြပါတယ်။

မဂ်ယာဟာ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်းမှာ ကျေးရွာတွေ၊ မြို့ရင်ပြင်တွေနဲ့ မြို့ကြီးတွေ အနှံ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို တိုးချဲ့ခဲ့ပြီး နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တဲ့ ဆွေမျိုးကောင်းစားရေးနဲ့ အကျင့်ပျက်ခြစားမှုတွေကို ငြီးငွေ့နေပြီ ဖြစ်တဲ့ ဟန်ဂေရီ ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တာပါ။

ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၇၉ ရာခိုင်နှုန်း အထိ စံချိန်တင် လာရောက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

အော်ဘန်ရဲ့ အုပ်ချုပ်ရေးဟာ ရွေးကောက်ပွဲ လေးကြိမ်ဆက်တိုက် အပြတ်အသတ် အနိုင်ရမှုတွေပေါ်မှာ တည်ဆောက်ထားခဲ့တာ ဖြစ်ပေမဲ့ အခုတော့ မိနစ်ပိုင်း အတွင်းမှာပဲ အရာအားလုံး အဆုံးသတ်သွားခဲ့ရပါပြီ။

သူက “ရွေးကောက်ပွဲ ရလဒ်ကတော့ ရှင်းလင်းပြီး နာကျင်စရာ ကောင်းလှ ပါတယ်” လို့ ပြောကြားခဲ့ပြီး သူ့အပေါ် သစ္စာရှိရှိ ထောက်ခံခဲ့ကြတဲ့ ခန့်မှန်းခြေ ဟန်ဂေရီ ပြည်သူ ၂.၅ သန်းကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ရှေ့ဆက်ရမယ့် ရက်တွေဟာ ကျွန်တော်တို့ရဲ့ ဒဏ်ရာ တွေကို ကုစားရမယ့် ရက်တွေပါပဲ” လို့လည်း သူက ဆိုပါတယ်။

အနိုင်ရ မဂ်ယာ ဟာ အော်ဘန် ခေတ်က ပြောင်းလဲခဲ့တဲ့ ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့၊ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ဖို့၊ တရားစီရင်ရေး ကဏ္ဍရဲ့ လွတ်လပ်ခွင့်ကို ပြန်လည် ဖော်ဆောင်ဖို့နဲ့ ပါတီ အလိုတော်ရိတွေကို ချမ်းသာစေပြီး နိုင်ငံတော် ဘဏ္ဍာတွေကို ဖြုန်းတီးနေတဲ့ လူမုန်းများလှတဲ့ NER ဆိုတဲ့ စနစ်ဆိုးကို အဆုံးသတ်ဖို့ ကတိပြုထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီလို ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်အမတ် နေရာ သုံးပုံနှစ်ပုံဖြစ်တဲ့ ၁၃၃ နေရာ လိုအပ်တာဖြစ်ပြီး အခုနောက်ဆုံး ရလဒ်တွေ အရ တစ်ဇာ ပါတီဟာ ၁၃၈ နေရာအထိ ရရှိဖို့ လမ်းကြောင်း ပေါ် ရောက်နေတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version