THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်နဲ့ အစ္စရေး အီရန်ကို တိုက်ပြီ၊ အီရန်က လက်စားချေ ပြန်တိုက်ခိုက်
နိုင်ငံတကာ

အမေရိကန်နဲ့ အစ္စရေး အီရန်ကို တိုက်ပြီ၊ အီရန်က လက်စားချေ ပြန်တိုက်ခိုက်

ဖေဖေါ်ဝါရီ ၂၈ – ၂၀၂၆

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ခေါင်းဆောင်ပိုင်းရှိရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပြီ ဖြစ်ပြီး အီရန်ဘက် ကလည်း ဒေသတွင်း တလျှောက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကလည်း အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ “အဓိက တိုက်ခိုက်မှု စစ်ဆင်ရေးကြီးတွေ” စတင်နေပြီဖြစ်ကြောင်းနဲ့ အီရန် အစိုးရကို အပြောင်း အလဲလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

“ဒါဟာ မျိုးဆက်ပေါင်းများစွာ အတွင်း မင်းတို့အတွက် တခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်” လို့ ပြောကြားရင်း အီရန်ပြည်သူတွေ အနေနဲ့ အစိုးရကို သိမ်းပိုက် ကြဖို့ သမ္မတ ထရမ့်က တိုက်တွန်းခဲ့ ပါတယ်။

တီဟီရန်မြို့က အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ရဲ့ ရုံးခန်းနဲ့ သမ္မတရုံးခန်းတွေ အပြင် တနိုင်ငံလုံးရဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရ ပါတယ်။

အီရန်ဘက်ကလည်း အစ္စရေးအပေါ် လက်စားချေ တိုက်ခိုက်မှုတွေ စတင်နေပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေလို့ ယူဆရတဲ့ ပေါက်ကွဲမှုတွေကို ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နဲ့ ကူဝိတ်နိုင်ငံတွေ အပါအဝင် ဒေသတွင်း တစ်လျှောက် မှာ မြင်တွေ့ခဲ့ရ ပါတယ်။

အမေရိကန်ရဲ့ အဓိက ရေတပ်စခန်းရှိရာ ဘာရိန်းနိုင်ငံမှာတော့ အီရန်ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုလို့ ယူဆရတဲ့ ဖြစ်စဥ်ကို ဗီဒီယိုမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

အီရန်အရပ်သားတွေကြားမှာတော့ တုံ့ပြန်မှုအမျိုးမျိုးရှိနေတယ်လို့ သတင်းထောက်က ဆိုပါတယ် – လမ်းမတွေ ပေါ်မှာ ထိတ်လန့် တုန်လှုပ်နေကြသလို၊ အချို့သူတွေ အတွက်တော့ (အပြောင်းအလဲ ဖြစ်တော့မယ့်အပေါ်) စိတ်သက်သာရာရမှုလည်း ရှိနေကြပါတယ်။

ဝါရှင်တန် ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် အသစ် ရရှိဖို့ အတွက် တီဟီရန် အပေါ် ဖိအားတွေကို တိုးမြှင့်နေခဲ့တာပါ။

နျူကလီးယား ဆွေးနွေးပွဲတွေမှာ အီရန်ရဲ့ ညှိနှိုင်းတဲ့ အနေအထား အပေါ် မကျေနပ်ဘူး လို့ သမ္မတ ထရမ့်က သောကြာနေ့မှာ ပြောကြားခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version