THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရမလား
နိုင်ငံတကာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရမလား

အောက်တိုဘာ ၁၀ – ၂၀၂၅

ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နိုဘဲလ်ဆုပေးရေး ကော်မတီကနေ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ကို ကြေညာမှာ ဖြစ်ပြီး၊ ဒီဆုအတွက် စာရင်းတင်သွင်း ခံရသူတွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လည်း တဦး အပါအဝင် ဖြစ်ပါတယ်။

သမ္မတထရမ့်က ဇန်နဝါရီလ ဒုတိယ သမ္မတ သက်တမ်း စတင်ပြီးနောက် သူ့အနေနဲ့ အနည်းဆုံး “စစ်ပွဲ ၇ ခု ကို အဆုံးသတ်ခဲ့တယ်” လို့ အခိုင်အမာ ပြောဆိုကာ၊ တန်ဖိုးကြီးမားတဲ့ ဒီငြိမ်းချမ်းရေး နိုဘဲလ်ဆုကို သူ့အနေနဲ့ ရသင့်ကြောင်း ရှင်းလင်း ပြောကြားထား ပါတယ်။

ဗုဒ္ဓဟူးနေ့က အစ္စရေးနဲ့ ဟားမတ်စ်တို့ အကြား သမ္မတထရမ့် ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ် ထဲက အပစ်အခတ်ရပ်စဲရေး ပထမ အဆင့်ကို သဘောတူခဲ့ပြီးနောက်၊ ရှစ်ခုမြောက် စစ်ပွဲ အဆုံးသတ်ရေး အတွက် ထရမ့်ကိုယ်တိုင် ရှေ့ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆု အတွက် ဆန်ခါတင်စာရင်းထဲမှာ ၃၃၈ ဦး ရှိပြီး၊ နော်ဝေပါလီမန် က ရွေးချယ်ထားတဲ့ ၅ ဦးပါ နိုဘဲလ်ကော်မတီက ဆုရရှိသူ ကို ရွေးချယ် ကြမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းပြောကြားရာမှာ ထရမ့်က “ကျွန်တော် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ လူတိုင်းက ပြောနေကြတယ်” လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော် စစ်ပွဲ ၇ ခု ကို အဆုံးသတ်ခဲ့တယ်။ ဘယ်သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ် ကမှ အဲဒီလိုမျိုး လုပ်ဆောင်ခဲ့တာ မရှိဘူး” လို့ ထရမ့်က ထပ်ပြောခဲ့ ပါတယ်။

ထရမ့်က သူအဆုံးသတ်ခဲ့တဲ့ စစ်ပွဲတွေဟာ ကမ္ဘောဒီးယားနဲ့ ထိုင်း၊ ကိုဆိုဗိုနဲ့ ဆားဘီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နဲ့ ရဝမ်ဒါ၊ ပါကစ္စတန်နဲ့ အိန္ဒိယ၊ အစ္စရေးနဲ့ အီရန်၊ အီဂျစ်နဲ့ အီသီယိုးပီးယား၊ နှင့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် တို့ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

တကယ်တမ်းမှာတော့ ထရမ့် အဆုံးသတ်ခဲ့တဲ့ စစ်ပွဲ တချို့ဟာ ထရမ့် ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့တဲ့ စစ်ပွဲတွေ ဖြစ်ကြပါတယ်။

တခြား အပစ်အခတ်ရပ်စဲရေး အချို့ဖြစ်စဥ်တွေကလည်း ထရမ့်ရဲ့ ပါဝင်မှု အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ရှိပါတယ်။

စစ်ပွဲတွေမှာ ထရမ့် ပါဝင်ပတ်သက် ပေမယ့်လည်း နိုင်ငံတချို့က သူ့ကို အဓိက ကြားဝင်စေ့စပ်သူ အဖြစ် အသိအမှတ်ပြုကြပါတယ်။

ဥပမာ #ဂါဇာစစ်ပွဲ (အစ္စရေး-ဟားမတ်စ်) ကို အပစ်ရပ်ပေး နိုင်ခဲ့တယ် ဆိုပေမယ့် အစ္စရေးကို အမေရိကန် လက်နက် ပံ့ပိုးမှုနဲ့ ခိုင်မာတဲ့ သံတမန်ရေး ထောက်ခံမှုတို့ဟာ စစ်ပွဲကို ဆက်လက်ဖြစ်ပွားစေခဲ့တာပါ။

ဒါပေမယ့်လည်း ထရမ့်ဟာ အရင် သမ္မတ ဂျိုးဘိုင်ဒန် ထက် စာရင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖိအားပေးမှု ပိုမို လုပ်ဆောင်ခဲ့တယ်လို့ လူအများက ယုံကြည်ကြပါတယ်။

#အီရန်နဲ့ အစ္စရေး စစ်ပွဲ – ဒီစစ်ပွဲကို ထရမ့်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ ဇွန်လက အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား စခန်းသုံးခုကို တိုက်ခိုက်ခဲ့မှုနဲ့ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။

#အိန္ဒိယနဲ့ ပါကစ္စတန် စစ်ပွဲ – မေလက အိန္ဒိယနဲ့ ပါကစ္စတန်တို့ အကြား လေကြောင်းစစ်ပွဲ ဆင်နွှဲခဲ့ကြရာ ထရမ့်က လေးရက်ကြာ တိုက်ပွဲ အပြီး အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။

ပါကစ္စတန်က အမေရိကန် သမ္မတကို ကျေးဇူးတင် ပေမယ့်လည်း အိန္ဒိယကတော့ ထရမ့် အနေနဲ့ ဘယ်အခန်းကဏ္ဍ ကမှ မပါဝင်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

#ကမ္ဘောဒီးယားနဲ့ ထိုင်း – ဩဂုတ်လက ငါးရက်ကြာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ပြီးနောက် ထရမ့် အပါအဝင် မလေးရှား ဝန်ကြီးချုပ်နဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့တို့ရဲ့ ဖုန်းခေါ်ဆို ပြောဆိုမှုတွေကြောင့် အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ကမ္ဘောဒီးယားကသာ ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြား ထား ပါတယ်။

#ဆားဘီးယားနဲ့ ကိုဆိုဗို – ဒီနှစ်နိုင်ငံ အတွက်ကိုတော့ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်း ဖြစ်တဲ့ ၂၀၂၀ တုန်းက လက်မှတ်ရေး ထိုးခဲ့တာ ဖြစ်ပါတယ်။ တင်းမာမှုတွေ ရှိနေပေမယ့် ထရမ့် ပြန်တက်လာချိန်မှာ ပြန်ငြိမ်သက်သွားခဲ့ပါတယ်။

#အီဂျစ်နဲ့ အီသီယိုးပီးယား – ထရမ့်က ဒီနှစ်နိုင်ငံကြား စစ်ပွဲကို သူ အဆုံးသတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ အမှန်က နှစ်နိုင်ငံ တင်းမာမှုတွေ ရှိခဲ့ပေမယ့် စစ်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပါ။

#ရဝမ်ဒါနဲ့ DRC – ဇွန်လတုန်းက ထရမ့်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ကျိုးပျက်လွယ်တဲ့ အနေအထား ဖြစ်ပေမယ့် လက်ရှိမှာ သဘောတူညီချက် ဆက်လက်တည်မြဲနေပါတယ်။

#အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်: ဩဂုတ်လတုန်းက အိမ်ဖြူတော်မှာ ထရမ့် ကြီးကြပ်ပေးတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Fox & Friends အင်တာဗျူး တခုမှာ ထရမ့် အနေနဲ့ သူကြားဝင် စေ့စပ်ပေးခဲ့တဲ့ ဒီဖြစ်စဥ် အပေါ် ရှုပ်ထွေးမှုတွေ ရှိနေခဲ့ပုံ ပေါ်ပါတယ်။

Peace Research Institute Oslo ရဲ့ ဒါရိုက်တာ Nina Graeger က “သမ္မတ ထရမ့်ဟာ ဆုရလောက်တဲ့ ငြိမ်းချမ်းရေး အတွက် လုံလောက်တဲ့ အကျိုးပြုမှု မလုပ်ရသေးတာကြောင့် အခုနှစ် ငြိမ်းချမ်းရေးဆုကို ရလိမ့်မယ်လို့ မထင်ပါဘူး” ဆိုပြီး ပြောထားပါတယ်။

“ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ သူရဲ့ ကြိုးပမ်းမှု အတွက် အသိအမှတ် ပြုသင့်ပေမဲ့၊ ငြိမ်းချမ်းရေး အဆိုပြုချက်ကို အကောင်အထည်ဖော်ပြီး ရေရှည် ငြိမ်းချမ်းရေး ရရှိမလား ဆိုတာကို ပြောဖို့က စောလွန်း နေသေးတယ်” လို့ သူက ပြောပါတယ်။

ထရမ့်က ဘာလို့ #ဆုလိုချင်တာလဲ

——————

အဓိက ကတော့ သမ္မတ အိုဘားမား ၂၀၀၉ ခုနှစ်က ဒီဆု ရရှိတာနဲ့ ပတ်သက်နေပုံရပါတယ်။

အဲဒီတုန်းက သမ္မတ အိုဘားမားဟာ “နိုင်ငံတကာ သံတမန်ရေးနဲ့ ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် ထူးခြားတဲ့ ကြိုးပမ်းမှုတွေကြောင့်” နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ဖူးပါတယ်။

အိုဘားမား သမ္မတ ဖြစ်ပြီး တနှစ်ပင် မပြည့်သေးခင် အချိန်မှာ အခုလို ဆုရခဲ့တဲ့အတွက်လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ထရမ့်က “ကျွန်တော့်ကို အိုဘားမားလို့ နာမည်ပေးထား ရင် ၁၀ စက္ကန့်အတွင်း နိုဘဲလ်ဆု ပေးလိမ့်မယ်” လို့ မနှစ်က ပြောဆိုခဲ့ပါတယ်။

နော်ဝေ သတင်းစာ Dagens Naeringsliv ရဲ့ အဆိုအရ ဇူလိုင်လ တုန်းက ထရမ့်ဟာ နော်ဝေဘဏ္ဍာရေး ဝန်ကြီး ယန်း စတိုးလ်တန်ဘာ့ဂ် (အရင် NATO အကြီးအကဲ) ကို အကောက်ခွန်ကိစ္စ ဆွေးနွေးဖို့ နဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု အတွက် လော်ဘီလုပ်ဖို့ ဖုန်းခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version