မတ်လ ၂၁ – ၂၀၂၆
သမ္မတ ထရမ့်က အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲကို အရှိန်လျှော့ချဖို့ စဉ်းစား နေကြောင်း ပြောကြားလိုက်ပါတယ်။
ဒါဟာ အီရန်စစ်ပွဲမှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့ အလွန် နီးစပ်လာနေပြီ ဖြစ်လို့ အရှိန်လျှော့မှာ ဖြစ်ကြောင်း ထရမ့်က ပြောပါ တယ်။
ဒါ့အပြင် အမေရိကန် အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို အသုံးမပြု ကြောင်းနဲ့ ဒီရေလမ်းကြောင်းကို အသုံးပြုနေတဲ့ တခြား နိုင်ငံတွေ ကသာ လုံခြုံရေး အတွက် စောင့်ကြပ်ဖို့ လုပ်ဆောင်ရမယ်လို့ ထပ်လောင်း ပြောဆို ပါတယ်။
တကယ်လို့ ဟော်မုဇ် ရေလက်ကြား လုံခြုံရေးကို အဲဒီနိုင်ငံတွေက တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့က အကူအညီပေးမှာ ဖြစ်ပါတယ်၊ အီရန်ရဲ့ ခြိမ်းခြောက်မှုကို အမြစ်ပြတ် ချေမှုန်းပြီးပြီ ဆိုရင်တော့ ကူညီဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဒါဟာ အမေရိကန်နဲ့ အစ္စရေး တို့ကနေ အီရန်အပေါ် တိုက်ခိုက်မှုတွေ ကြောင့် အီရန် ဘက်က ကမ္ဘာ့အရေးပါဆုံး ဟော်မုဇ် ရေလက်ကြားက ကုန်သွယ် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက် လာတာကြောင့် ထရမ့်က ပြောဆို လာတာ ဖြစ်ပါတယ်။
နေတိုးမဟာမိတ်တွေကိုလည်း ထရမ့်က သူရဲဘောကြောင်သူတွေလို့ ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပြီး အမေရိကန်မပါရင် နေတိုးဟာ စက္ကူကျား ပဲ လို့ ပြောကြားလိုက်ပါတယ်။
အီရန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို တားဆီးဖို့ ကိစ္စမှာ မပါဝင်ဘဲ အခု အခါ စစ်ရေးအရ အောင်နိုင်ခါနီးကျမှ ရေနံစျေးတက်တာကို ညည်းညူ နေပြီး ဟော်မုဇ်ရေလက်ကြားဖွင့်ဖို့လည်း မကူညီကြတဲ့ အတွက် ထရမ့်က အမျက်ထွက်နေတာ ဖြစ်ပါတယ်။
စစ်ပွဲအရှိန်လျှော့ချမယ်လို့ ပြောပေမယ့်လည်း တဘက်မှာ ပင်တဂွန် စစ်ဌာနချုပ် ကနေ စစ်သင်္ဘောသုံးစီး နဲ့ မရိန်းတပ်သား ၂၂၀၀ ကနေ ၂၅၀၀ အထိ အရှေ့အလယ်ပိုင်းကို ထပ်မံ စေလွှတ်လိုက်ပါတယ်။
အိမ်ဖြူတော်အရာရှိတွေရဲ့ အဆိုအရ ထရမ့်ဟာ ဟော်မုဇ်ရေလက်ကြား ကို ပြန်ဖွင့်လိုတဲ့ ဆန္ဒ ပြင်းပြနေတာကြောင့် အီရန် Kharg ကျွန်းကို သိမ်းပိုက်ဖို့ အထိ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။
“သူက ဟော်မုဇ်ရေလက်ကြားကို ဖွင့်စေချင်တာ၊ အဲဒီအတွက် Kharg ကျွန်းကို သိမ်းဖို့လိုရင် သိမ်းလိမ့်မယ်၊ ဒါပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘူး” လို့ အရာရှိတဦးက ပြောပါတယ်။
ဒါ့အပြင် ထရမ့်ဟာ စစ်စရိတ်အတွက် ကွန်ဂရက် လွှတ်တော် ကနေ ဒေါ်လာ ဘီလီယံပေါင်း များစွာ တောင်းခံထားပါတယ်။
ရေနံစျေးနှုန်းတွေ မြင့်တက်လာမှုကြောင့် အမေရိကန် စတော့စျေးကွက် ထိုးဆင်း သွားနေပါတယ်။
—————————
THN Public Media
