ဧပြီ ၂၂ – ၂၀၂၆
အီရန်နဲ့ ၂ ပတ်ကြာ အပစ်ရပ်ထားတဲ့အချိန် ဒီကနေ့ပြည့်ပြီ ဖြစ်ရာ အမေရိကန်က အပစ်ရပ်သက်တမ်း ထပ်တိုးမယ်လို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။
ပါကစ္စတန်ရဲ့ မေတ္တာရပ်ခံချက်အရ အခုလို သက်တမ်းတိုးလိုက်တာ ဖြစ်ပေမယ့် အီရန် ဆိပ်ကမ်းတွေ အပေါ် ပိတ်ဆို့မှုတွေ ကိုတော့ ဆက်လုပ် သွားမယ်လို့ ဆိုပါတယ်။
‘’အီရန်အစိုးရဟာ ပြိုကွဲလုနီးပါးဖြစ်နေတယ် ဆိုတာက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ပါကစ္စတန်ရဲ့ စစ်သေနာပတိချုပ် Asim Munir နဲ့ ဝန်ကြီးချုပ် Shehbaz Sharif တို့ ကနေ အီရန်နိုင်ငံအပေါ် ကျွန်တော်တို့ ရဲ့ တိုက်ခိုက်မှု တွေကို ရပ်ဆိုင်း ထားပေးဖို့ တောင်းဆိုလာပါတယ်။ ဒါကြောင့် သူတို့ရဲ့ (အီရန်) ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ စုစည်းညီညွတ်တဲ့ အဆိုပြုချက် တခု မတင်ပြနိုင်မချင်း ကျွန်တော်တို့ ရပ်ဆိုင်းထားမှာပါ’’ လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
အခု အပစ်ရပ်သက်တမ်းတိုးထားမှုဟာ အီရန်နဲ့ နှစ်နိုင်ငံကြား ဆွေးနွေးမှု တွေ တိုးတက်မှု ရှိလာတဲ့ အထိ ဖြစ်မယ်လို့ ဆိုပါတယ်။
အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့တာကိုလည်း အီရန်ဘက်ကနေ စုစည်း ညီညွတ်တဲ့ အဆိုပြုချက်တခု တင်ပြလာတဲ့ အထိ ဖြစ်တယ် ပြောပါ တယ်။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ဟာ မနေ့ အင်္ဂါနေ့မှာ အစ္စလာမာဘတ်ကို ထွက်ခွာ သွားမယ် လို့ မျှော်လင့်ထားပေမဲ့ ဝါရှင်တန်မှာပဲ ဆက်ရှိနေခဲ့ပြီး သူ မသွားတော့ဘူး ဆိုတာကို အိမ်ဖြူတော်က သတင်းထောက်တွေကို အတည်ပြု ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးဖို့ အတွက် ပါကစ္စတန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ် မလားဆိုတာကို အီရန်ဘက် ကလည်း ဆုံးဖြတ်ချက် မချရ သေးဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလို အပစ်အခတ်ရပ်စဲရေးကို တိုးမြှင့်လိုက်ခြင်းအားဖြင့် ထရမ့်ဟာ အချိန်ပိုရသွားသလို ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ပိုပြီး စိတ်ဝင်စား နေတယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
—————————
THN Public Media
