ဇွန် ၁၉ – ၂၀၂၆
အမေရိကန်နဲ့ အီရန်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး လက်ရှိမှာ စတင် အသက်ဝင်နေပြီလို့ အိမ်ဖြူတော် အရာရှိတဦးက အတည်ပြု ပြောကြားခဲ့ ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြင်သစ်နိုင်ငံ Evian-les-Bains မှာ ကျင်းပတဲ့ G7 ထိပ်သီး အစည်းအဝေးကို တက်ရောက်နေစဉ်အတွင်း အရေးပါတဲ့ ဟော်မုဇ်ရေ လက်ကြားကို ပြန်ဖွင့်ပေးမယ့် ဒီသဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့တာပါ။
နားလည်မှုစာချွန်လွှာ MoU လို့ လူသိများတဲ့ အချက် ၁၄ ချက်ပါ သဘောတူညီချက်မှာ အီရန် အနေနဲ့ နျူကလီးယား လက်နက် ဘယ်တော့မှ ပိုင်ဆိုင်လို့ရမှာ မဟုတ်ကြောင်း ဖော်ပြထားပြီး အမေရိကန်က ငွေကြေး စိုက်ထုတ်ဖို့ မလိုတဲ့ အီရန်နိုင်ငံ ပြန်လည် ထူထောင်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဒေါ်လာ ၃၀၀ ဘီလီယံ ရန်ပုံငွေ တရပ် ထားရှိ ဖို့လည်း ကတိပြုထားပါတယ်။
ဒါဟာ နှစ်နိုင်ငံကြား (အစ္စရေး အပါအဝင်) ပဋိပက္ခတွေ စတင် ဖြစ်ပွားခဲ့ ပြီး ၄ လ အကြာမှာ ထွက်ပေါ်လာတာပါ။
ထရမ့်အစိုးရ အဖွဲ့ကတော့ ဒီသဘောတူညီချက်ကို “လုပ်ဆောင်ချက် အပေါ် အခြေခံတဲ့စနစ်” Performance-based လို့ ပြောဆိုထားပြီး အီရန်ဘက်က သူတို့ရဲ့ ကတိကဝတ် တွေကို လိုက်နာမှသာ အကျိုး ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
သဘောတူညီချက် စာသားတွေထဲမှာ မပြတ်သားသေးတဲ့ မေးခွန်းတွေနဲ့ မဖြေရှင်းရသေးတဲ့ အဓိက ပြဿနာတွေ အများကြီး ရှိနေသေးပေမဲ့ လောလောဆယ် သိထားရတဲ့ အဓိက အချက်တချို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
–
နံပါတ် ၁ : စစ်မျက်နှာအားလုံးမှာ တိုက်ပွဲတွေ အဆုံးသတ်ရေး
——————————————————–
သဘောတူညီချက်ရဲ့ ပထမဆုံး စာပိုဒ်မှာ အမေရိကန်၊ အီရန်နဲ့ မဟာမိတ် တွေဟာ လက်ဘနွန် အပါအဝင် “စစ်မျက်နှာအားလုံး” မှာ စစ်ရေး လှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ ထာဝရ ရပ်ဆိုင်းကြောင်း ကြေညာရမယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်ဘက်က ကြည့်ရင်တော့ ဟစ်ဇ်ဘိုလာ အပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် အီရန်နဲ့ ရထားတဲ့ သဘောတူညီချက် ပျက်ပြား သွားမှာကို ထရမ့်က ပိုပြီး စိုးရိမ်လာတာ ဖြစ်ပါတယ်။
အီရန်ဘက် ကလည်း လက်ဘနွန် အရေးကို ဒီအပစ်ရပ်စဲရေးထဲမှာ ထည့်သွင်းဖို့ ထောက်လျှောက် မျှော်လင့်ထားခဲ့တာပါ။
တကယ်လို့ အစ္စရေးက လက်ဘနွန်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ် နေမယ်ဆိုရင် ဒါဟာ “နားလည်မှုစာချုပ်ကို ချိုးဖောက်တာ” ဖြစ်လို့ “လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်” လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မှာ ပြောထားပါတယ်။
ဒီသဘောတူညီချက်မှာ “ယခုအချိန်ကစလို့” နှစ်ဘက်စလုံးက စစ်ရေး လှုပ်ရှားမှုတွေ စတင်တာ ဒါမှမဟုတ် အပြန်အလှန် ခြိမ်းခြောက်တာမျိုး မလုပ်ဘဲ လက်ဘနွန်ရဲ့ “နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာ” ကို အာမခံရမယ်လို့ ဖော်ပြထားပါတယ်။
နောက်ဆုံးရရှိမယ့် အပြီးသတ်စာချုပ်ဟာ ပဋိပက္ခတွေကို အပြီးတိုင် “အဆုံးသတ်” သွားစေလိမ့်မယ်လို့ အဲဒီ သဘောတူညီချက်မှာ ပါရှိပါတယ်။
ဒီအချက်အပေါ် အစ္စရေးဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မရှိသေးပါ။
–
နံပါတ် ၂ : ပြည်တွင်းရေးကို လေးစားလိုက်နာရေး
———————————————-
အမေရိကန် အရာရှိတွေက သတင်းထောက်တွေကို စာသားအတိုင်း ဖတ်ပြခဲ့ရာမှာ အမေရိကန်နဲ့ အီရန်တို့ဟာ “တဦးရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့မှုကို တဦးက လေးစားရမှာဖြစ်ပြီး” အပြန်အလှန် ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်း ကနေ ရှောင်ကြဉ်ရမယ်လို့ ပါရှိပါတယ်။
ဒီအချက်ကို အီရန်အတိုက်အခံ အုပ်စုတွေ ဘက်ကတော့ သဘောကျမှာ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ဒီနှစ် အစောပိုင်းတုန်းက အီရန်မြို့ကြီးတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့စဉ်မှာ ထရမ့်က အီရန်ဆန္ဒပြ ပြည်သူတွေကို “အကူအညီတွေ လာနေပြီ” လို့ ကတိပေးခဲ့ဖူးလို့ ဖြစ်ပါတယ်။
–
နံပါတ် ၃ : သက်တမ်းတိုးနိုင်တဲ့ ရက်ပေါင်း ၆၀ အချိန်ဇယား
——————————————————–
တတိယအချက်မှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ နောက်ဆုံးအပြီးသတ် စာချုပ် ရရှိဖို့အတွက် အများဆုံး ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေး ညှိနှိုင်းသွားရမှာဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက် သဘောတူရင်တော့ အဲဒီ အချိန် ကာလ ကို ထပ်ပြီး သက်တမ်းတိုးနိုင်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီ MoU ကို တရားဝင် လက်မှတ်ရေးထိုးပြီး နောက်မှာ အဲဒီရက် ၆၀ Countdown စတင်ရေတွက်နေပြီ ဖြစ်ပါတယ်။
ထရမ့်ဟာ ဗုဒ္ဓဟူးနေ့ညက ပြင်သစ်နိုင်ငံက ဗာဆိုင်းနန်းတော်မှာ ပြုလုပ်တဲ့ G7 အပြီး ညစာစားပွဲမှာ အီရန်သဘောတူညီချက်စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့တာလို့ အိမ်ဖြူတော်က ပြောပါတယ်။
အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် ကလည်း လက်မှတ်ရေးထိုးခဲ့ ပြီးပြီလို့ အိမ်ဖြူတော် ပြောကြားချက် အရ သိရပါတယ်။
အစောပိုင်းတုန်း ကတော့ ထရမ့်ရော အီရန် အရာရှိတွေပါ လာမယ့် ရက်ပိုင်း အတွင်း ဂျီနီဗာမှာ တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနား လုပ်မယ်လို့ ပြောခဲ့ကြပေမဲ့ အခုလို လက်မှတ်ထိုးပြီးသွားတဲ့ အတွက် အဲဒီအခမ်းအနား ဆက်လုပ်ဦးမလားဆိုတာ မသိရပါ။
–
နံပါတ် ၄ : အမေရိကန်မှ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေး
——————————————————–
MoU ကို လက်မှတ်ရေးထိုးပြီးတာနဲ့ အမေရိကန် အနေနဲ့ အီရန် ဆိပ်ကမ်းတွေ အပေါ် ချမှတ်ထားတဲ့ ရေတပ်ပိတ်ဆို့မှုတွေနဲ့ “နှောင့်ယှက် ဟန့်တားမှုမှန်သမျှ” ကို စတင် ဖယ်ရှားပေးရမယ်လို့ စတုတ္ထ အချက်မှာ ဖော်ပြထားပါတယ်။
ဒီပိတ်ဆို့မှုတွေဟာ ရက်ပေါင်း ၃၀ အတွင်း အပြည့်အဝ ပြီးဆုံးမှာ ဖြစ်တယ်လို့ သဘောတူညီချက်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန အရ သိရပါတယ်။
ဒီကာလအတွင်း အမေရိကန်က အီရန်ဆိပ်ကမ်းတွေဆီ ဖြတ်သန်းခွင့် ပြုမယ့် သင်္ဘောအရေ အတွက်ဟာ အီရန်ဘက်က ဟော်မုဇ် ရေလက်ကြား မှာ ရေကြောင်း ပြန်ဖွင့်ပေးမယ့် အခြေအနေ အပေါ် မူတည်ပြီး အချိုးကျ ခွင့်ပြုသွားမှာပါ။
နောက်ဆုံးအပြီးသတ် စာချုပ်ကို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၃၀ အတွင်းမှာတော့ အမေရိကန် တပ်ဖွဲ့တွေကို “အီရန်နဲ့ နီးစပ်တဲ့ ဝန်းကျင်” ကနေ ဖယ်ရှားပေးဖို့ အမေရိကန် ဘက်က ကတိပြုထားပါတယ်။
လက်တွေ့မှာတော့ အမေရိကန် စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ တိုက်ခိုက်မှုတွေ မစခင်က ရှိခဲ့တဲ့ စစ်ရေး အနေအထားနဲ့ တပ်ဖြန့်ထားမှု ပုံစံအတိုင်း ပြန်လည် ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
–
နံပါတ် ၅ : ဟော်မုဇ်ရေလက်ကြားအရေး
—————————————
ဒီသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ MoU ကို လက်မှတ် ရေးထိုးပြီးတာနဲ့ အီရန်ဟာ ဟော်မုဇ်ရေလက်ကြား ကနေ ကုန်သွယ်ရေး သင်္ဘောတွေ ဘေးကင်းလုံခြုံစွာနဲ့ အခမဲ့ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် “သူတို့ရဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုတွေကို အသုံးပြုပြီး စီစဉ် ပေးရမယ်” လို့ ပါရှိပါတယ်။
ဒါဟာ စစ်ပွဲစကတည်းက ရေလက်ကြား ပိတ်ဆို့သွားလို့ ကမ္ဘာ့ရေနံ ဈေးနှုန်းတွေ တဟုန်ထိုး တက်သွားခဲ့ရတာမို့ အမေရိကန်ဘက်က အဓိက လိုလားခဲ့တဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
နည်းပညာနဲ့ စစ်ရေးဆိုင်ရာ “အတားအဆီးတွေ” ဖယ်ရှားဖို့နဲ့ မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို ထည့်သွင်း စဉ်းစားပြီး ရေကြောင်း သွားလာမှုတွေကို “ချက်ချင်း” ပြန်စတင် သွားမယ် လို့ ဆိုထားပါတယ်။
အရာရှိတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း သင်္ဘောတွေ အနေနဲ့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့အခါ ဘယ်လို အခကြေးငွေမှ ပေးစရာမလိုဘူး ဆိုတာကို ထပ်ခါတလဲလဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ရေရှည်အတွက် ကတော့ အီရန်ဟာ အိုမန်နဲ့ တခြား ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဟော်မုဇ် ရေလက်ကြားကို ဘယ်လို စီမံခန့်ခွဲ မလဲဆိုတဲ့ ပိုမို “ကျယ်ပြန့်တဲ့” သဘောတူညီချက် တရပ်ကို ထပ်မံ လုပ်ဆောင် သွားမယ်လို့ ဖော်ပြထားပါတယ်။
အီရန်ဘက် ကတော့ သူတို့ရဲ့ အခွင့်အရေးတွေကို “ပြင်းပြင်းထန်ထန်” တောင်းဆို လိမ့်မယ်လို့ အမေရိကန်က ယူဆထားပေမဲ့ ပင်လယ်ကွေ့ နိုင်ငံတွေ ကတော့ အနာဂတ်မှာ ဖြတ်သန်းခ ကောက်ခံမယ့် စနစ်မျိုးကို “ဘယ်တော့မှ” လက်ခံမှာ မဟုတ်ဘူးလို့ အရာရှိက ပြောပါတယ်။
–
နံပါတ် ၆ : အီရန်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ
————————————————
MoU ရဲ့ ဆဋ္ဌမမြောက် အချက်မှာ အမေရိကန်နဲ့ ဒေသတွင်း မိတ်ဖက် နိုင်ငံတွေဟာ အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အနည်းဆုံး ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ နှစ်ဘက်သဘောတူ အကောင်းဆုံး စီမံကိန်း တခုကို ဖော်ဆောင် ပေးမယ်လို့ ဆိုပါတယ်။
နောက်ဆုံးအပြီးသတ်စာချုပ်ချုပ်ပြီး ရက်ပေါင်း ၆၀ အတွင်းမှာ လုပ်ငန်းစဉ် ယန္တရားကို သဘောတူညီကြမှာဖြစ်ပြီး လိုအပ်တဲ့ လိုင်စင်တွေ၊ ကင်းလွတ်ခွင့်တွေနဲ့ ခွင့်ပြုချက် အားလုံးကို အမေရိကန် ဘက်က ထုတ်ပေးသွားမှာပါ။
ဒါပေမဲ့ ဒါဟာ အမေရိကန်က ဘဏ္ဍာရေးအရ ပါဝင် ပတ်သက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
အမေရိကန်အနေနဲ့ အီရန်ကို “တပြားမှ” ပေးစရာ မလိုသလို၊ ဒီရန်ပုံငွေ ထဲကိုလည်း ထည့်ဝင်ဖို့ မလိုဘူးလို့ အရာရှိတဦးက ထောက်ပြထား ပါတယ်။
ဥပမာတခုအနေနဲ့ ပြောရရင် အီရန်ဘက်က “လိမ္မာရင်’’ ယူအေအီး အာဏာပိုင်တွေက အမေရိကန်ရဲ့ ခွင့်ပြုချက်နဲ့ အီရန်မှာ လျှပ်စစ် ဓာတ်အားပေးစက်ရုံ လာဆောက်ပေးနိုင်တာမျိုး ဖြစ်ပါတယ်။
ထရမ့်နဲ့ တခြား အရာရှိတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ငွေတွေကို အီရန်ထံ တိုက်ရိုက်ပေးမှာ မဟုတ်ဘူးဆိုတာ ထင်ရှားအောင် အစွမ်းကုန် ကြိုးစားရှင်းလင်းနေကြပြီး ဒါဟာ အိုဘားမား အစိုးရလက်ထက် ၂၀၁၅ တုန်းက ချုပ်ခဲ့တဲ့ နျူကလီးယား သဘောတူညီချက်နဲ့ လုံးဝ ကွဲပြားခြားနား တယ်လို့ အစိုးရအဖွဲ့က ဆိုပါတယ်။
–
နံပါတ် ၇ : စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရေး
————————————————–
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်တဲ့ ပိတ်ဆို့မှု တွေနဲ့ အမေရိကန်က တဦးတည်းသဘော ချမှတ်ထားတဲ့ ပိတ်ဆို့မှု တွေ အပါအဝင် အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို အမေရိကန်က ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အချိန်ဇယား ကတော့ အတိအကျတော့ မဖေါ်ပြသေးပါ။
ဒီပိတ်ဆို့မှု ရုပ်သိမ်းမယ့် အချိန်ဇယားကို နောက်ဆက်တွဲ စာချုပ်ရဲ့ အပြီးသတ် အစိတ်အပိုင်း အဖြစ် သဘောတူညီသွားမှာ ဖြစ်ပေမဲ့ ဒါကို နောက်ပိုင်း ဆွေးနွေးပွဲတွေမှာ “ချက်ချင်း” ထည့်သွင်း ကိုင်တွယ်သွားဖို့ နှစ်ဘက်စလုံးက အသိအမှတ်ပြုထားကြပါတယ်။
အီရန်ဟာ ပိတ်ဆို့မှုတွေကြောင့် အပြင်းအထန် ထိခိုက်နေခဲ့တာဖြစ်ပြီး၊ အမေရိကန်ရဲ့ စစ်ဆင်ရေးကလည်း တီဟီရန်ကို ကမ္ဘာ့ဘဏ္ဍာရေး စနစ် ကနေ ဖြတ်တောက်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
–
နံပါတ် ၈ : နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်ရေး
——————————————————–
အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား လက်နက်ကို ရှာဖွေတာ သို့မဟုတ် ဝယ်ယူတာမျိုး မလုပ်ဖို့ သဘောတူညီခဲ့ပြီး နှစ်ဘက်စလုံးဟာ တီဟီရန် လက်ထဲမှာ ရှိနှင့်နေပြီးသား သန့်စင်ပြီး ယူရေနီယံတွေကို ဘယ်လို ကိုင်တွယ် မလဲ ဆိုတာ သဘောတူခဲ့ကြပါတယ်။
ဒီပစ္စည်းတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ နည်းလမ်း ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ ဒီလုပ်ငန်းစဉ်ကို နောက်ပိုင်း ဆွေးနွေးပွဲတွေမှာ “နှစ်ဦးသဘောတူ သတ်မှတ်သွားမှာ” ဖြစ်ပေမဲ့ အနည်းဆုံးတော့ နိုင်ငံတကာ နျူကလီးယား စွမ်းအင် အေဂျင်စီ IAEA ရဲ့ ကြီးကြပ်မှုအောက်မှာပဲ အဲဒီနေရာမှာတင် သန့်စင်မှု အဆင့် လျှော့ချ ပစ်ရမှာ ဖြစ်ပါတယ်။
အဆင့်မြင့် အမေရိကန်အရာရှိ တဦးက ဒါကို “အနိမ့်ဆုံး စံသတ်မှတ်ချက်” ဖြစ်ပြီး အမေရိကန် အတွက် “အဓိက အောင်ပွဲကြီး” လို့ ဖော်ပြခဲ့ပါတယ်။
ထရမ့်ကတော့ ဒီနှစ် အစောပိုင်းက သူစတင်ခဲ့တဲ့ စစ်ဆင်ရေး ကနေ သူလိုချင်ခဲ့တဲ့ အရာရဲ့ “၉၉ ရာခိုင်နှုန်း” ဟာ အီရန်ကို နျူကလီးယား လက်နက် မရအောင် တားဆီးဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီသဘောတူညီချက်ဟာ လုပ်ဆောင်ချက် အပေါ် အခြေခံတာမို့ အချက်နံပါတ် ၇ မှာ ပါတဲ့ ပိတ်ဆို့မှု လျှော့ချ ရေးဟာ အချက်နံပါတ် ၈ ပါ နျူကလီးယား ကတိကဝတ်တွေ ကို အီရန်ဘက်က လိုက်နာမှု အပေါ်မှာပဲ တိုက်ရိုက် မူတည်နေတာ ဖြစ်ပါတယ်။
–
နံပါတ် ၉ နဲ့ ၁၀ (လက်ရှိ နျူကလီးယား အခြေအနေ အတိုင်း ထိန်းထားရေး
——————————————————–
သဘောတူညီချက်ရဲ့ နောက်ထပ် နှစ်ချက်မှာတော့ သန့်စင်ပြီး ယူရေနီယံ တွေကို မကိုင်တွယ်ရသေးခင် စပ်ကြား ကာလမှာ အမေရိကန်နဲ့ အီရန်တို့ ဟာ နျူကလီးယား အစီအစဉ်ကို “လက်ရှိအတိုင်းပဲ တန့်ထားဖို့” သဘောတူညီ ထားကြပါတယ်။
လက်တွေ့မှာတော့ အမေရိကန်အနေနဲ့ ပိတ်ဆို့မှု အသစ်တွေ ထပ်မံ မချမှတ်တော့ ပါဘူး။ တချိန်တည်းမှာပဲ အီရန်ရဲ့ ရေနံ၊ ရေနံထွက်ပစ္စည်း တင်ပို့မှု တွေနဲ့ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လိုမျိုး ဆက်စပ် ဝန်ဆောင်မှုတွေ အတွက် ကင်းလွတ်ခွင့် တွေ ထုတ်ပေးသွားမှာ ဖြစ်ပါ တယ်။
–
နံပါတ် ၁၁ : ဆိုင်းငံ့ထားသော ရန်ပုံငွေများအရေး
———————————————-
ဒီအချက်ဟာ ဆွေးနွေးပွဲတွေမှာ အဓိက အဟန့်အတား ဖြစ်ခဲ့တဲ့ အချက် ပါ။
အီရန်ဘက်က သူတို့ရဲ့ အသိမ်းခံ ထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့ အချိန်အကြာကြီး တောင်းဆိုခဲ့တာဖြစ်ပြီး၊ ဒါဟာ သူတို့နိုင်ငံ စီးပွားရေး အတွက် နောက်ထပ် အသက်ရှူပေါက်တခု ဖြစ်လာမှာပါ။
၁၁ ချက်မြောက်မှာ MoU လက်မှတ်ထိုးပြီးတာနဲ့ “ဆိုင်းငံ့ သို့မဟုတ် ကန့်သတ် ခံထားရတဲ့ ရန်ပုံငွေတွေကို အပြည့်အဝ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့” အမေရိကန်က တာဝန်ယူရမှာ ဖြစ်ပြီး၊ လုပ်ထုံး လုပ်နည်းတွေ ကိုတော့ ဆွေးနွေးပွဲတွေ အတွင်း သဘောတူညီသွားမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန် အရာရှိတဦးရဲ့ သတင်းထောက်တွေကို ပြောကြားချက်အရ MoU အပြီး ဆွေးနွေးပွဲတွေ ဆက်လုပ် နေချိန် အတွင်းမှာတင် အီရန်ဘက်က သန့်စင်မှု မြင့်မားတဲ့ ယူရေနီယံတွေကို စတင် ကိုင်တွယ်တာမျိုး ကတိကဝတ်တွေကို လိုက်နာတဲ့ အခါ ဆုလာဘ် တခုအနေနဲ့ ပိုင်ဆိုင်မှု တချို့ကို စတင်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
–
နံပါတ် ၁၂ – ၁၄ : စောင့်ကြည့်ရေးနှင့် နောက်ဆုံးအဆင့် ဆွေးနွေးပွဲများ
——————————————————–
သဘောတူညီချက်ရဲ့ နောက်ဆုံးအချက် တချို့မှာတော့ ဒီသဘောတူညီချက် ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ နောက်ခံ လုပ်ငန်းစဉ်တွေကို ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဒီ MoU အကောင်အထည် ဖော်မှုနဲ့ အနာဂတ် စာချုပ်အပေါ် လိုက်နာမှုတွေကို စောင့်ကြည့်ဖို့ “ယန္တရားတခု” တည်ဆောက် သွားမယ်လို့ ဆိုထားပေမဲ့ လက်တွေ့မှာ ဘယ်လိုပုံစံ ဖြစ်မလဲ ဆိုတာတော့ မသိသေးပါဘူး။
ပြီးတော့ MoU လက်မှတ်ထိုးပြီး အကောင်အထည် ဖော်တာနဲ့ တပြိုင်နက် နှစ်ဘက်စလုံးဟာ အပြီးသတ် စာချုပ်အတွက် ဆွေးနွေးပွဲတွေကို စတင် သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ဒီအပြီးသတ် ရရှိမယ့် စာချုပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက် တခုနဲ့ အတည်ပြု ထောက်ခံချက် ရယူသွားမှာ ဖြစ်ပါတယ်။
—————————
THN Public Media
