THN Public Media Blog သတင်း နိုင်ငံရေး NUG ၅ နှစ်ပြည့်ပြီ၊ တော်လှန်ရေးအောင်ဖို့ ညီညွတ်မှုဟာ အဓိကသော့ချက်ဖြစ်ကြောင်း သမ္မတ ဒူဝါလရှီးလ ပြောကြား
နိုင်ငံရေး

NUG ၅ နှစ်ပြည့်ပြီ၊ တော်လှန်ရေးအောင်ဖို့ ညီညွတ်မှုဟာ အဓိကသော့ချက်ဖြစ်ကြောင်း သမ္မတ ဒူဝါလရှီးလ ပြောကြား

ဧပြီ ၁၆ – ၂၀၂၆

——————-

NUG ၅ နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်း အပြည့်အစုံ

—————————

အမျိုးသားညီညွတ်ရေးအစိုးရ (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့၊

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီးခင်ဗျား

ယနေ့ဟာ မြန်မာ့နှစ်သစ်ကူးနေ့ အခါသမယလည်းဖြစ်ပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူအားလုံး ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ ယခုလာမယ့် နှစ်သစ်မှာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ အနှောက်အယှက်ပေးမှုက ကင်းဝေးပြီး၊ အကြောက်တရားက လွတ်မြောက်တဲ့ လွတ်လပ်ပြီး တရားမျှတသော နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းဆီကို အားပြည့် အင်ပြည့် ချီတက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

အခုဆိုရင် နွေဦးတော်လှန်ရေးကို ဖြတ်သန်းလာခဲ့တာဟာ (၅) နှစ်ကျော်လာပြီဖြစ်သလို၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့တာကလည်း (၅) နှစ်ပြည့်မြောက်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပြီး၊ လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းချီတက်လာခဲ့ကြတဲ့ (၅) နှစ်တာ၊ အချိန်ကာလမှာ – အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရပါတယ်။ တစ်ဖက်မှာလည်း ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် လျှောက်လှမ်းရင်း၊ စိန်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအကျပ်အတည်းနဲ့ သမိုင်းဆိုင်ရာ နာကျည်းချက်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေရဲ့ သက်ရောက်မှု ကြောင့်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကိုလည်း ရိုက်ခတ်နေတာတွေ အမြောက်အမြား ရှိနေပါတယ်။

တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်ဖို့ ကျွန်ုတော်တို့ အစွမ်းကုန် ကြိုးစားနေ ကြပေမဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေ အကန့်အသတ်တွေ များစွာ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုယန္တရား၊ တိုင်းပြည်ရဲ့ အရင်းအမြစ်နှင့် ငွေကြေးနဲ့ အာဏာကိုသုံးပြီး အမှားကို အမှန်လုပ်ခဲ့တဲ့ အမြစ်တွယ်နေတဲ့ စနစ်ဆိုးတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးဟာ ကျွန်ုတော်တို့ကို သမိုင်းဝင်ညီညွတ်မှုတစ်ခု ပေးခဲ့ပါတယ်။ စစ်တပ်ရဲ့ သွေးခွဲမှုကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရပေမဲ့၊ ဒီနေ့ “နွေဦးတော်လှန်ရေး” မှာတော့ တိုင်းရင်းသားပြည်သူအားလုံးဟာ တစ်စိတ်တစ်ဝမ်းတည်း စုစည်းမိသွားကြပါပြီ။ ဒါဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူးတဲ့ အောင်မြင်မှုဖြစ်ပြီး ဒီညီညွတ်မှုဟာ ကျွန်ုတော်တို့ရဲ့ အကြီးမားဆုံးသော ခွန်အားပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားရသော ပြည်သူလူထုခင်ကြီးခင်ဗျား

နွေဦးတော်လှန်ရေးဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ၊ ပြည်သူ့ဆန္ဒ သဘောထားနဲ့အညီ ဖွဲ့စည်းဖြစ်တည်လာတဲ့ ပြည်သူ့အစိုးရဖြစ်ပါတယ်။ နွေဦး တော်လှန်ရေးအတွင်းမှာ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးကနေ မားမားမတ် မတ် ရပ်ခံပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ဖြောင့်ဖြောင့်မတ်မတ် ချီတက်နေပါတယ်။ ဒီလို တော်လှန်ရေးခရီးတစ်လျှောက်လုံးမှာ၊ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အပါအဝင် စစ်အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နယ်ပယ်အသီးသီး / ကဏ္ဍအသီးသီးက လူထု၊ လူတန်းစားတွေရဲ့ လုံ့လဝီရိယတွေ မြောက်မြားစွာ ထည့်ဝင် မြှုပ်နှံခဲ့ကြ ပါတယ်။ ဒီလိုမျိုး လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ မရှိဘူးဆိုရင်၊ ကျွန်တော်တို့ဟာ ယနေ့ အချိန်မှာ မြင်တွေ့နေရတဲ့ တော်လှန်ရေးခရီးပန်းတိုင်တွေကို ရောက်လာနိုင်စရာ အကြောင်း မရှိဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးဘက်တော်သားအားလုံးကို ဒီနေရာကနေ အလေးအမြတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို လုပ်ဆောင်တဲ့နေရာမှာ – ပြည်တွင်းက တော်လှန်ရေးတွေ အပါအဝင် ပြည်ပက တော်လှန်ရေးလှုပ်ရှားမှုတွေကလည်း အကျိုးသက်ရောက် မှု ကြီးမားခဲ့ပါတယ်။ အဝေးရောက် ပြည်သူလူထုအားလုံးရဲ့ ကာယကံမြောက် ပံ့ပိုးကူညီမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ အရွေ့တစ်ခုလုံးအတွက် အင်မတန် အကျိုးကျေးဇူး ကြီးမားခဲ့တာတွေ့ရ ပါတယ်။ တစ်ဖက်မှာလည်း လူထုသံတမန်ရေးနည်းလမ်းတွေနဲ့ နိုင်ငံတကာအစိုးရအသီးသီးကို ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့တာဟာ – စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်ဖို့ ခက်ခဲတာတွေ ကို၊ ပြည်ပကနေ ကူညီဆောင်ရွက်ပေးနိုင်တာတွေ အများအပြား ရှိခဲ့တာတွေ့ရပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဟာ ပြည်တွင်းလှုပ်ရှားမှုနဲ့ ပြည်ပလှုပ်ရှားမှုကို ပူးပေါင်းနိုင်ပြီး၊ အချိန်တိုတို အတွင်းမှာ သက်ရောက်မှု ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ၊ ပြည်ပရောက် ပြည်သူလူထုအားလုံးရဲ့ အားထုတ်မှု စေတနာတွေကို လေးနက်စွာ ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းတွေ အပါအဝင် လူထုလက်နက်ကိုင် လမ်းစဉ်နဲ့ ပေါင်းစပ်ပြီး — စစ်အာဏာရှင်တော်လှန်ရေးကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးနည်းအရ အကူအညီအပံ့အပိုးတွေ အပြင်၊ စစ်ရေးနည်းအရ အကူအညီတွေ အများအပြား လိုအပ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ရေးအရ လက်တွဲကူညီမှုတွေမှာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြီးတွေရဲ့ အားပေးကူညီမှုတွေကို လက်တွေ့ကျကျ ရယူခဲ့ရပါတယ်။ လက်ရှိ အချိန်အထိ – ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးရဲ့ စစ်ရေးစွမ်းရည်တွေဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကြောင့် အချိန်တိုအတွင်းမှာ တိုးတက်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ၊ တိုင်းရင်းသားမဟာမိတ်တွေရဲ့ ပူးပေါင်းပေါင်းဝင်မှုတွေဟာ အနာဂတ် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းတွေဖြစ်ကြောင်း လေးလေးနက်နက် မှတ်တမ်းတင် ပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

ပြည်သူ့တော်လှန်ရေးရဲ့ အရှိန်အဟုန် ကြီးမားမှုကြောင့်၊ အာဏာသိမ်းစစ်တပ်ထဲမှာ၊ အမြင်မှန် ရလာ ကြတဲ့ ပြည်သူ့တပ်မတော်သားတွေ အများအပြား ရှိပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင် စနစ်ရဲ့ အမြစ်တွယ်မှုကို မဖယ်ရှားနိုင်သေးတာကြောင့်၊ ပြည်သူ့ဘက်ကို ရုန်းမထွက်နိုင်သေးတဲ့ စစ်ဗိုလ် စစ်သားတွေ အများအပြား ရှိနေတာတွေ့ရပါတယ်။ ပြည်သူလူထုကနေ တစ်ဆင့်၊ အကြမ်းဖက် စစ်တပ်အတွင်းက စစ်သည် စစ်သားတွေကို သတင်းစကား တချို့ ပါးလိုပါတယ်။ အဲဒါကတော့ ပြည်သူကို အလုပ်အကျွေးပြုရမယ့် တပ်မတော်ဟာ ပြည်သူ့ဆန္ဒကို လျစ်လျှူမရှုသင့်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်လို ဖျက်ဆီးလုပ်နေတဲ့ အဓိက တရားခံဘဝကို ရောက်နေ ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် စစ်တပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနေတာဖြစ်ကြောင်း သတိချပ်စေလို ပါတယ်။ အကြမ်းဖက်စစ်တပ်ဆိုတဲ့ နိမ့်ကျ ဆိုးဝါးသော အခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ပြီး၊ ပြည်သူချစ်သော မြန်မာ့တပ်မတော် အဖြစ် ပြန်လည် အဖက်ဆယ်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှာ၊ ပြည်သူ့လူထုရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးသလို၊ လက်နက်ကိုင်စစ်တပ်အတွင်းက ပြည်သူ့တပ်မတော် သားစိတ်ဓာတ် ပြည့်ဝသူတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့၊ တော်လှန်ရေးအောင်မြင်မှုတွေကို ရရှိခဲ့သလို၊ ပြန်လည် လက်လွှတ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တာကို ပွင့်လင်းစွာ ဝန်ခံလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်ခဲ့တာကြောင့်၊ မပေါက်သေးတဲ့ လမ်းတွေကိုလည်း ချဲ့ထွင် လျှောက်လှမ်းခဲ့ကြရပါတယ်။ အဲသည့်ထဲမှာ၊ တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးတဲ့ အောင်မြင်မှု ခြေလှမ်းတွေကို တက်လှမ်းနိုင်ခဲ့သလို၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့်၊ လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ၊ ကျွန်တော်တို့အတွက် သင်ခန်းစာ အများအပြားကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်။ ကျွန်တော် တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးခရီးမှာ၊ ပြန်လည်လက်လွှတ် လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ရှိသလို၊ လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အမှားတွေကို သင်ခန်းစာယူပြီး၊ တစ်နေ့ထက် တစ်နေ့ ပိုမိုထိရောက်တဲ့ တော်လှန်ရေးလျှောက်လမ်းဖြစ်အောင် ကြိုးစားနေမှာဖြစ်ကြောင်း ပြည်သူလူထုအားလုံးကို အသိပေးပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီးခင်ဗျား

တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကသော့ချက်ဟာ တော်လှန်ရေးအင်အားစုများအကြား “ညီညွတ်မှု” ဖြစ်ပါတယ်။ ညီညွတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကြားမှာရော၊ ပြည်သူလူထု ကြားမှာပါ အဓိကအရေးကြီးပါတယ်။ ကျွန်တော်တို့အကြား အချင်းချင်း အပြစ်တင် ကဲ့ရဲ့တာ တွေကို ရှောင်ကြဉ်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးအရှိန်ကို ပျက်ပြားအောင် လှုံ့ဆော်နေသူ တွေကို သတိပြုပြီး တော်လှန်ရေးကို အထောက်အကူပြုမယ့် ဝေဖန်အကြံပြုချက်တွေကိုသာ ဝန်းရံကြဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ ဆယ်စုနှစ်များစွာ တိုင်းပြည်ရဲ့ အရင်းအမြစ်များနှင့် ၄င်းတို့ လူတစ်စုစာအတွက် အာဏာနှင့် ငွေကြေးအပေါ် အခြေခံပြီး စစ်တပ် ယန္တရား တစ်ခုလုံးကို တည်ဆောက်ထားတဲ့ မိစ္ဆာကြီးတွေဖြစ်ပါတယ်။ ဒီမိစ္ဆာကြီးများကို ရင်ဆိုင်ဖို့ ကျွန်တော် အယောက်ဆီတိုင်း ညီညွတ်ရမှာဖြစ်သလို တော်လှန်ရေးအတွက် ဆိုးကျိုးဖြစ်စေမည့်အရာများကို အထူးရှောင်ကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ အာဏာရှင်စနစ်ရဲ့ ဆိုးရွားတဲ့ ဒဏ်ကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးဖြစ်သလို နေ့စဥ်နှင့်အမျှ ဒီစနစ်ရဲ့ ဆိုးရွားမှုကို ဖြတ်ကျော် နေကြရပါတယ်။ ဒီအရာတွေကို ဖြတ်ကျော်ပြီး အေးချမ်းပြီး လွတ်လပ်တဲ့ နိုင်ငံနှင့် လူ့အဖွဲ့အစည်း ကို ထူထောင်ဖို့ ကျွန်တော်တို့အကြား ညီညွတ်ရမှာဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော ပြည်သူလူထုကြီးခင်ဗျား

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့် လက်တွဲ ပူးပေါင်းရေးကို မြင့်တင်နိုင်ဖို့ အစိုးရဖွဲ့စည်းသည့်နေ့မှစတင်ပြီး အားမလျော့ဘဲ ညီညွတ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းတည်ဆောက်ခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှာ ကျွန်ုတော်တို့ဟာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ထွက်ပေါ်လာတဲ့ တော်လှန်သောညီညွတ်ရေး အင်အားစုဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ တော်လှန်ရေးမှာ ညီညွတ်ရေးဟာ အဓိက ကျပါတယ်။ SCEF ဖွဲ့စည်းမှုဟာ တော်လှန်ရေးကို အရင်လို တစုတဖွဲ့တည်း တိုက်နေတာထက်၊ ညီညွတ်တဲ့ မဟာဗျူဟာတစ်ခုအောက်မှာ အရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီကောင်စီမှာ KIO, KNU, KNPP (IEC), CNF, CRPH နဲ့ ကျွန်ုတော်တို့ NUG အစိုးရတို့ ကနဦးအနေဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ဒါဟာ အစ စုဖွဲ့မှုသာဖြစ်ပြီး SCEF ထဲ မပါဝင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေ ထပ်မံပြီး ပါဝင်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ ကျွန်ုတော်တို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး” ပဲ ဖြစ်ပါ တယ်။ အတားအဆီးအခက်အခဲတွေ ဘယ်လောက်ဘဲ များပါစေ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် ကဘဲ ကျွန်ုတော်တို့ကို တစ်နေ့မှာ ပိုမိုခိုင်မာတဲ့ ညီညွတ်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဒီတော်လှန်ရေးခရီးမှာ “ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့ပဲ ရှိပါတယ်”။ ပြည်သူလူထုရဲ့ အားကိုးရာဟာ ပြည်သူလူထုပါပဲ။ စစ်တပ်က လက်နက်နဲ့ ငွေကြေး သာလွန်ကောင်း သာလွန်နိုင်ပေမဲ့၊ ကျွန်ုပ်တို့မှာ သူတို့မရှိတဲ့ “မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တရားမျှတမှု” ရှိပါတယ်။ ကျွန်ုတော်တို့အားလုံး အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ကင်းစင်တဲ့၊ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ မရမနား ဆက်လက်ချီတက်သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version