THN Public Media Blog သတင်း နိုင်ငံရေး PLA ပဋိပက္ခ နဲ့ ပတ်သက်ပြီး PDF ကနဦး သတင်းထုတ်ပြန်
နိုင်ငံရေး

PLA ပဋိပက္ခ နဲ့ ပတ်သက်ပြီး PDF ကနဦး သတင်းထုတ်ပြန်

ဇွန် ၂၂ – ၂၀၂၆

ထုတ်ပြန်ချက်အပြည့်အစုံ

———————-

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် PLA နှင့်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဥ် အခြေအနေ ကနဦး သတင်းထုတ်ပြန်ချက်

(၁) ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA)၏ သောင်းထောက် (စစ်ရေးတာဝန်ခံ) နှင့် အဖွဲ့သည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့နှင့်ပကဖတို့ကို အကြောင်းကြားသတင်းပို့ခြင်းမရှိပဲ ၂၀၂၆ ခုနှစ်၊ မေလ (၂၆) ရက်နေ့၊ ည (၁၁:၀၅) နာရီတွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝဲလောင်းကျေးရွာအုပ်စု၊ ဝဲလောင်းကျေးရွာနေ ဦးသန်း(ပြည်သူ၏ လုံခြုံရေးအရအမည်လွှဲ)ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

(၂) ဖမ်းဆီးခေါ်ဆောင်ရာတွင် ဦးသန်းနှင့်အတူ ကားတစီး၊ ယိုးဒယား 110 ဆိုင်ကယ် တစီး၊ လော်ဂျား 110 ဆိုင်ကယ် တစီး၊ အိမ်ဝိုင်းစာချုပ်၊ အိမ်ထောင်စုဇယား၊ ဘွဲ့လတ်မှတ်များနှင့် ငွေသား (၁၀) သိန်းကျပ်ကိုပါ တပါတည်းယူဆောင်သွားခဲ့သည်။ ဦးသန်းသည် ကားသမားတဦးဖြစ်ပြီး သတင်းပေး ဒလန်မဟုတ်ပဲ ပြည်သူတဦးသာ ဖြစ်ပါသည်။

(၃) ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နေ့လည် (၃:၂၁) နာရီတွင် ဦးသန်း၏ ဇနီးဖြစ်သူအား PLA မှ ဇွန်လ (၁၉) ရက်နေ့တွင် သိန်းနှစ်ထောင် မပေးပါက ဦးသန်းအား သတ်ပစ်မည်ဟု ခြိမ်းခြောက်လာသဖြင့် ဇနီးဖြစ်သူမှ တောင်သာမြို့နယ် ပလဖရုံးသို့ ဆက်သွယ်အကူအညီတောင်းလာခဲ့ပါသည်။

(၄) ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် အဆိုပါ ငွေညှစ်ခြိမ်းခြောက်ခံထားရသည့် ပြည်သူ ဦးသန်းကို (၇) ရက်အတွင်း ပြန်လွှတ်ပေးနိုင်ပါရန်နှင့် သိမ်းဆည်းထားသော ပြည်သူပိုင်ပစ္စည်းများကို ကာယကံရှင်ထံသို့ ပြန်လည်ပေးအပ်နိုင်ပါရန် တောင်သာမြို့နယ် ပကဖမှ PLA ထံသို့ လူကိုယ်တိုင်သွားရောက်ကာ စာပေးပို့ခဲ့ပါသည်။ ဇွန်လ (၁၉) ရက်နေ့တွင် PLA မှ ပြန်မလွှတ်ပေးနိုင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်နိုင်ကြောင်း စာဖြင့် အကြောင်းပြန်ခဲ့ပါသည်။

(၅) ယခုကဲ့သို့ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးအုပ်ချုပ်ရေးနယ်မြေအတွင်းနေထိုင်သည့် ပြည်သူကို ခြိမ်းခြောက်ငွေညှစ်မှုဖြစ်စဥ်အပါအဝင် ယခင်ကျုးလွန်ခဲ့သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ထိပါးနှောက်ယှက်သည့် ဖြစ်စဥ်များကြောင့် မိမိတို့ ခရိုင်တွင်း နေထိုင်မည်ဆိုလျှင် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် ဦးသန်းအား ပြန်လည်အပ်နှံရန် တောင်းဆိုခဲ့ရာ ဗဟိုသို့ တင်ပြပြီး ပြန်လည်အကြောင်းပြန်မည်ဟုသာ ပြောကြားခဲ့ပါသည်။

(၆) ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နေ့လည် (၁၂) နာရီတွင် မိမိတို့ဘက်မှ PLA သို့ ထပ်မံဆက်သွယ်ခဲ့ရာတွင် ဖမ်းဆီးခံရသည့် ဦးသန်းကို PLA မှ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အကြောင်းပြန်ပါသည်။ ဖမ်းဆီးခံရသည့် ဦးသန်းကို တောင်သာမြို့နယ်၊ ဝဲလောင်းရွာနှင့်ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားသော ဒဏ်ရာများဖြင့် သတိလစ်လျက် ပြန်လည်တွေ့ရှိခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ယခုသတင်းထုတ်ပြန်ချိန်အထိ အပ်နှံခြင်း မရှိသေးပါ။

(၇) မိမိတို့ ရဲဘော်များမှ ဦးသန်းကို လိုအပ်သည့် ကယ်ဆယ်ကုသမှုများ ပြုလုပ်ကာ မြို့နယ် ပလဖနှင့် ပကဖများထံသို့ အပ်နှံမှုပေးပြီးနောက် သဘောတူညီမှုအရ ခရိုင်တွင်းတွင် နေထိုင်ခြင်းမရှိတော့သည့် PLA စခန်းများကို ဝင်ရောက်ခဲ့ရာတွင် ရဲဘော်များ အိပ်သည့် အိပ်ဆောင်နေရာများတွင် ရည်ရွယ်ချက်ရှိရှိ မိုင်းများထောင်ထားခဲ့ပြီး မိမိတို့ ရဲဘော် (၄) ဦး မိုင်းဒဏ်ရာဖြင့် ကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

(၈) PLA နှင့်ပတ်သတ်ပြီး ပြည်သူများမှ တိုင်ကြားထားသည့် နောက်ဆက်တွဲဖြစ်စဥ်များကိုလည်း အသိပေးထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကနဦး တင်ပြအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version