အောက်တိုဘာ ၂ – ၂၀၂၅
စစ်တပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ကျောက်မဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲက ဒီနေ့မှ ဌာနဆိုင်ရာတွေ ဝင်တာလေ။ စစ်ရှောင်တွေကို တော့ပေး မဝင်သေးပါဘူး။ သူတို့ စစ်တပ်ဘက်က နယ်မြေ ရှင်းလင်းရေး တောင် မပြီးသေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်မဲမြို့ ကနေ သီပေါဘက် အထွက်လမ်းဘက်က တိုးဂိတ် အကျော်ဘက်ကို စစ်က စစ်ကြောင်းထိုးပြီး လိုက်ပစ်နေတယ်လို့ သိရပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ သူက ပြောပါတယ်။
“ဟုတ်တယ်။ ဌာနဆိုင်ရာတွေ နေ့လယ်တုန်းက ဝင်လာတာ။ ဌာနဆိုင်ရာ အစုံပါပဲ။ ကားအစီးရေပေါင်း တရာကျော်ရှိတယ်” လို့ နောက်ထပ်ဒေသခံ တယာက်က ပြောပါတယ်။
မီးသတ် တပ်ဖွဲ၊ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ ၊ လဝက အဖွဲ့ စသဖြင့် အကုန်လုံး ပါတာတွေ့ရပြီး ဌာနဆိုင်ရာ ကား တွေက နောင်ချို လမ်းဘက် ကနေ လမ်းမကြီးအတိုင်း ရောက်ရှိလာတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။ လုံခြုံရေးတာဝန်ရှိသူတယောက် ကတော့ ဒေသခံတွေကို စိစစ်ဝင်ရောက်ခွင့် ပြုမှာဖြစ်ကြောင်းနဲ့ ပြင်ဦးလွင် ကျောက်မဲလမ်းကို မကြာခင် သာမန်ပြည်သူတွေလည်း ခွင့်ပြုပေးနိုင်တော့မယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းအချက်အလက်တွေအရ ကျောက်မဲနဲ့ သီပေါ မြို့ နှစ်မြို့စလုံး လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် မြို့တွေထဲမှာ ပါဝင်တာကို တွေ့ရပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယ ပိုင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ် လိုက်တာဖြစ်ပြီး တနှစ်ကျော်အကြာ မနေ့ အောက်တိုဘာလ ၁ ရက်နေ့ မှာတော့ စစ်တပ်က အလုံးစုံ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါ တယ်။
crd – VOM