(ဟားမတ်စ်ဘက်က သမ္မတထရမ့်ရဲ့ အဓိက ဆိုပြုချက် အချက် တချို့ကို လက်ခံ လိုက်တာဟာ ဓားစာခံ ပြန်လွှတ်ပေးရေး နဲ့ အပစ်ရပ်စဲရေး အရှိန် အဟုန် ကို မြှင့်တင် ပေးလိုက်ပေမယ့် နှစ်ဘက် အဖွဲ့တွေကြား ကွာဟချက် ကြီး တွေ ရှိနေဆဲ ဖြစ်ပါတယ်။)
နှစ်ဘက်အကြား နက်ရှိုင်းတဲ့ သဘောကွဲလွဲမှုတွေ ရှိနေပေမယ့် ဂါဇာမှာ နှစ်နှစ် နီးပါးကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးတော့မယ်လို့ သတိနဲ့ အကောင်း မြင်မှုတွေ ကြားကပဲ အစ္စရေးနဲ့ ဟားမတ်စ်တို့ ဟာ အမေရိကန် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး အီဂျစ် နိုင်ငံမှာ တိုက်ရိုက် မဟုတ်တဲ့ ဆွေးနွေးပွဲတွေ တနင်္လာနေ့မှာ စတင်နေပြီ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေကို အာရပ်ကြားဝင် စေ့စပ်သူတွေနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ် အဖွဲ့တို့ စတင်ခဲ့ပြီးနောက် ကြားဝင်စေ့စပ်သူတွေဟာ အစ္စရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ကြားဝင်စေ့စပ်သူတွေက နှစ်ဘက်စလုံးနဲ့ ဆွေးနွေးပြီးနောက် အမေရိကန် အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ အီဂျစ်မီဒီယာတွေက ပြောပါတယ်။
ပထမဆုံး ဆွေးနွေးတဲ့ အကြောင်းအရာဟာ ဓားစာခံ လွှတ်ပေးရေး ယန္တရား ဖြစ်ပါတယ်။
ဟားမတ်စ်အရာရှိတွေကတော့ အပျက်အစီးတွေ အောက်မှာ မြှုပ်နှံထားတဲ့ ဓားစာခံတချို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖို့ အချိန် ပိုယူရဖွယ် ရှိကြောင်း သတိပေးထားပါတယ်။
အစ္စရေး အကျဉ်းထောင်တွေက ပါလက်စတိုင်း အကျဉ်းသား တွေနဲ့ ဟားမတ်စ်တို့ ဖမ်းဆီး ထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေး၊ ဂါဇာကနေ အစ္စရေး တပ်တွေ တစိတ်တပိုင်း ဆုတ်ခွာ ရေးတို့ အပေါ် အဓိကထား ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။
ဒီအချက်တွေဟာ စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်မ် ရဲ့ တင်ပြထားတဲ့ အချက် ၂၀ ထဲက ပထမ အဆင့် ဖြစ်ပါတယ်။
အဓိက အချက်တွေ ဆွေးနွေးဖို့ လိုအပ်နေပေမယ့် ဓားစာခံ လွှတ်ပေး ရေးနဲ့ အာဏာစွန့်လွှတ်ဖို့ ဟားမတ်စ်တို့က လက်ခံလိုက်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ နောက်ကွယ်မှာ အရှိန်အဟုန် ရရှိလာခဲ့ပြီး ပထမနေ့ ဆွေးနွေးပွဲတွေဟာ “အပြုသဘောဆောင်တဲ့ အခြေအနေ ကြားမှာ” ပြီးဆုံးသွားခဲ့ကြောင်း အီဂျစ် မီဒီယာများက ဖော်ပြခဲ့ပါတယ်။
ထရမ့်က ဆွေးနွေးပွဲတွေ “အလွန်အောင်မြင်ပြီး အလျင် အမြန် ဆက်လက်ဖြစ်ပေါ်နေတယ်” လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့သလို ဟားမတ်စ် တို့ကလည်း တနင်္လာနေ့ မှာ “အလွန်အရေးကြီးတဲ့” ကိစ္စရပ်တွေကို သဘောတူညီ နေကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဆွေးနွေးပွဲ တွေဟာ ရက်အနည်းငယ်သာ ကြာမြင့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ လာမယ့် ရက်တွေ အတွင်း အစ္စရေး ဓားစာခံ အားလုံးကို လွှတ်ပေးနိုင်ကြောင်း ကြေညာ နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အကောင်းမြင်မှုတွေ ရှိနေပေမယ့် ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ကြီးမားတဲ့ ကွာဟချက်တွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ထရမ့်ရဲ့ အစီအစဉ်ဟာ ကျယ်ပြန့်တဲ့ အတိုင်းအတာ ရှိပေမယ့် အသေးစိတ် အချက်အလက် နည်းပါးနေပြီး အစီအစဉ်ရဲ့ အဓိက အချက်တွေကို ဆွေးနွေး ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
ref: the Guardian