THN Public Media Blog Sport စပိန်အသင်းဟာ ကိပ်ဗာဒီနဲ့ သရေကျခဲ့တဲ့ပွဲ ကနေ ရုန်းထွက်ပြီး ဆော်ဒီကို ဂိုးပြတ်အနိုင်ယူကာ အကောင်းဆုံး ပုံစံ ပြန်ပြနိုင်ခဲ့
Sport

စပိန်အသင်းဟာ ကိပ်ဗာဒီနဲ့ သရေကျခဲ့တဲ့ပွဲ ကနေ ရုန်းထွက်ပြီး ဆော်ဒီကို ဂိုးပြတ်အနိုင်ယူကာ အကောင်းဆုံး ပုံစံ ပြန်ပြနိုင်ခဲ့

ATLANTA, GEORGIA - JUNE 21: Lamine Yamal #19 of Spain looks on during the FIFA World Cup 2026 Group H match between Spain and Saudi Arabia at Atlanta Stadium on June 21, 2026 in Atlanta, Georgia. (Photo by Justin Setterfield/Getty Images

စပိန် ၄ : ၀ ဆော်ဒီအာရေဗျ

ဇွန် ၂၁ – ၂၀၂၆

စပိန်အသင်းဟာ ကိပ်ဗာဒီ နဲ့ သရေကျခဲ့တဲ့ပွဲကနေ ရုန်းထွက်ပြီး ဆော်ဒီအာရေဗျကို အပြတ်အသတ် အနိုင်ယူကာ ပြန်လည် သက်ဝင်လာခဲ့ပါတယ်။

လမင်း ယာမလ် (Lamine Yamal) ဟာ ကမ္ဘာ့ဖလားပွဲစဉ် တခုမှာ အသက် ၁၈ နှစ် နဲ့ အောက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ သမိုင်းတလျှောက် ဒုတိယ မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

Mikel Oyarzabal က ၂ ဂိုး သွင်းယူခဲ့ပြီးနောက် Hassan Al Tambakti ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ အမှားနဲ့အတူ ပွဲက ပြီးဆုံးသွားခဲ့တာပါ။

စပိန်အသင်းဟာ အုပ်စု H မှာ ရမှတ် ၄ မှတ် အထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ဆော်ဒီအာရေဗျ ကတော့ ၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်ပဲ ရှိပါ သေးတယ်။

လမင်း ယာမလ် ဟာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပွဲထွက်ခွင့်ရတဲ့ ပွဲစဉ်မှာတင် ပွဲစလို့ ၁၀ မိနစ်မှာပဲ စပိန်အသင်း အတွက် ဂိုးသွင်း ယူပေးခဲ့ပြီး ဆော်ဒီအာရေဗျကို အနိုင်ရကာ ဒီပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။

ဒီဘာစီလိုနာ လူငယ်ကြယ်ပွင့်လေးဟာ ကိပ်ဗာဒီနဲ့ ကစားခဲ့တဲ့ စပိန်ရဲ့ အုပ်စု H အဖွင့်ပွဲစဉ်တုန်းက ဒုတိယပိုင်းကျမှ လူစားဝင် ကစားခဲ့ရတာပါ။

ဒါပေမဲ့ အဲဒီတုန်းက ၂၀၁၀ ချန်ပီယံဟောင်း စပိန်အသင်းဟာ အလွန် စိတ်ပျက် စရာကောင်းတဲ့ ဂိုးမရှိ သရေ ရလဒ်နဲ့သာ ရုန်းကန်ခဲ့ရလို့ အသင်းကို အနိုင်ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။

မျှော်လင့်ထားတဲ့အတိုင်း နည်းပြ Luis de la Fuente ဟာ ဒီအသက် ၁၈ နှစ်အရွယ် လူငယ်လေးကို ဆော်ဒီနဲ့ပွဲမှာတော့ ပွဲထွက် လူစာရင်းထဲ ပြန်လည် ထည့်သွင်းခဲ့ပြီး ယမဲလ် ကလည်း ခြေစွမ်းပြဖို့ အချိန်အများကြီး မယူခဲ့ပါ။

ဘယ်ခြမ်းကနေ Mikel Oyarzabal ကန်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ဆော်ဒီနောက်ခံလူ Hassan Al Tambakti ကို ကျော်သွားပြီး ဂိုးတိုင် နားမှာ ရှိနေတဲ့ လမင်း ယာမလ် က အသာလေး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ၁၉၅၈ ခုနှစ်က ပီလီ ပြီးရင် ကမ္ဘာ့ဖလားပွဲမှာ အဖွင့်ဂိုး သွင်းနိုင်တဲ့ အသက် ၁၈ နှစ်နဲ့ အောက် ဒုတိယမြောက် အငယ်ဆုံး ကစား သမား အဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါပြီ။

ရရှိထားတဲ့ ရလဒ်အပေါ်မှာတင် အားမရသေးတဲ့ စပိန်အသင်းဟာ ရှေ့ကို တရစပ် ဆက်လက် ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ဆော်ဒီအသင်းက ထောင့်ကန်ဘောကို ကောင်းကောင်း မရှင်းထုတ်နိုင်ရာ ကနေ Oyarzabal က ဂိုးသမား ကို ဖြတ်ပြီး အနိမ့်ကန်သွင်းကာ ဒုတိယ ဦးဆောင်ဂိုး ရယူပေးခဲ့ ပါတယ်။

သုံးမိနစ်အကြာမှာ သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့လို့ ပွဲကတော့ နိုင်ဦး မလားဆိုတာ ငြင်းခုံစရာ မလိုအောင် အပြတ်အသတ် အခြေအနေ ဖြစ်ခဲ့ ပါတယ်။

ပွဲနားချိန်မှာ လမင်း ယာမလ် ရော Oyarzabal ပါ လူစားလဲခြင်း ခံခဲ့ရပေမဲ့ သူတို့ ထွက်သွားတာဟာ စပိန်အသင်းရဲ့ ကစားကွက် ကို မထိခိုက်စေဘဲ ဒုတိယပိုင်း မှာလည်း ဆော်ဒီကို တောက်လျှောက် ဖိကစားထားနိုင်ခဲ့ တာပါ။

ဒုတိယပိုင်း ပြန်စလို့ ၃ မိနစ်မှာ Marc Cucurella ရဲ့ ပြင်းထန်တဲ့ ကန်သွင်းချက်ကို ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ ပြန်လျှံထွက်လာတဲ့ ဘောလုံးက နောက်ခံလူ တမ်ဘက်တီ နဲ့ ထိပြီး ဂိုးထဲကို ဝင်သွားခဲ့လို့ စပိန်ဟာ ၄-၀ နဲ့ ထိုက်ထိုက် တန်တန် အနိုင်ရရှိသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version