အောက်တိုဘာ ၁၁ – ၂၀၂၅
အစ္စရေးတပ်ဖွဲ့တွေ ဂါဇာ နေရာ တချို့ကနေ ဆုတ်ခွာပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဂါဇာကို ပြန်ထိန်းချုပ်ဖို့ ဟားမတ်စ် အဖွဲ့က သူတို့ရဲ့ တိုက်ခိုက်ရေးသမား ၇၀၀၀ ကို ပြန်လည် ခေါ်ယူလိုက်ပါတယ်။
စစ်ပွဲပြီးတဲ့ အခါ ဂါဇာကို ဘယ်သူ အုပ်ချုပ်မလဲ ဆိုတာ မရေရာမှုတွေ မြင့်တက်လာနေချိန်မှာ အခုလို ဟားမတ်စ်တို့ရဲ့ တပ်ဖွဲ့ဝင် ပြန်ခေါ်မှုဟာ အများက မျှော်လင့်ထားပြီး ဖြစ်ပါတယ်။
ဒါဟာ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ရဲ့ နောက်ပိုင်း အဆင့်တွေ အတွက် အဓိက အငြင်းပွားဖွယ်ရာ အချက်တခု ဖြစ်ပါတယ်။
ဂါဇာမှာ ပျောက်ဆုံးနေတဲ့ ပါလက်စတိုင်း ရုပ်အလောင်းတွေကို ရှာဖွေဖို့ ဟားမတ်စ် ဦးစီးတဲ့ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီက အပျက်အစီး တွေကြား တူးဖေါ်နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
အေဂျင်စီရဲ့ အဆိုအရ လူ ၉၅၀၀ မှာ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပါ တယ်။
အစ္စရေး နိုင်ငံ တဲလ်အဗိစ် Tel Aviv မြို့မှာတော့ ဓားစာခံတွေ လွှတ်ပေးရေး တောင်းဆိုတဲ့ အပတ်စဉ် စုဝေးမှု ပြုလုပ်ခဲ့ရာ ဒီတခါ နောက်ဆုံး ပွဲ ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်တို့က ဓားစာခံအားလုံးကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
အစ္စရေး ဆေးရုံတွေမှာ ပြန်လွတ်လာမယ့် ဓားစာခံတွေကို လက်ခံဖို့ ပြင်ဆင်နေကြပြီး ဟားမတ်စ် အနေဖြင့် တနင်္လာနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။
အစ္စရေး အကျဉ်းထောင်တွေမှာရှိတဲ့ ဂါဇာကနေ ဖမ်းဆီးထားသူ ၁၇၀၀ ခန့်နဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ ခန့်ကို လွှတ်ပေးဖို့ မျှော်လင့်ရ ပေမယ့် ဟားမတ်စ်တို့က ဒီထက်ပိုပြီး လွှတ်ပေးဖို့ တွန်းအားပေးနေ ပါတယ်။