THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့် နဲ့ ပူတင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဇလန်စကီး အသင့်ရှိ
နိုင်ငံတကာ နိုင်ငံရေး

ထရမ့် နဲ့ ပူတင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဇလန်စကီး အသင့်ရှိ

US President Donald Trump, left, and Volodymyr Zelenskiy, Ukraine's president, shake hands outside the West Wing of the White House in Washington, DC, US, on Friday, Oct. 17, 2025. Zelenskiy will be meeting the US leader at the White House on Friday to discuss air defense, long-range weaponry and urgent energy assistance as Moscow intensifies strikes on its water and gas infrastructure before winter. Photographer: Aaron Schwartz/Sipa/Bloomberg via Getty Image

အောက်တိုဘာ ၂၁ – ၂၀၂၅

ဟန်ဂေရီ နိုင်ငံမှာ ကျင်းပမယ့် ဒေါ်နယ် ထရမ့် နဲ့ ဗလာဒီမီယာ ပူတင် တို့ရဲ့ ထိပ်သီး အစည်းအဝေး အတွက် ဖိတ်ကြားခံရမယ်ဆိုရင် အသင့်ရှိနေ ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ပြောကြား လိုက်ပါတယ်။

အမေရိကန်နဲ့ ရုရှား သမ္မတတို့ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဟန်ဂေရီ နိုင်ငံ ဘူဒါပက် မြို့မှာ လာမယ့် သီတင်ပတ် အနည်းငယ် အတွင်း တွေ့ဆုံရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

ဇလန်စကီးက “ကျွန်တော်တို့ သုံးဦး တွေ့ဆုံမယ့် ပုံစံမျိုးနဲ့ ဒါမှမဟုတ် ကြားခံ သံတမန်ရေးလို့ ခေါ်တဲ့ ပုံစံမျိုးနဲ့ ဖိတ်ခေါ်လာမယ် ဆိုရင်… ပုံစံ တမျိုးမျိုးနဲ့ ခေါ်မယ်ဆိုရင် ကျွန်တော်တို့ သဘောတူပါတယ်” လို့ တနင်္လာနေ့ က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

သောကြာနေ့က ထရမ့် နဲ့ ဇလန်စကီးတို့ အိမ်ဖြူတော် တွေ့ဆုံပွဲ မှာ အမေရိကန်က စစ်ပွဲ အဆုံးသတ်ဖို့ အတွက် ရုရှားတို့ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို လက်ခံဖို့ ယူကရိန်းကို တိုက်တွန်း ခဲ့တယ်လို့ သိရပါတယ်။

ဇလန်စကီး က ထရမ့်နဲ့ တွေ့ဆုံမှုကို “ရိုးသားပွင့်လင်းတယ်” လို့ ဖေါ်ပြခဲ့ပြီး သူ့ရဲ့ အဓိကရည်မှန်းချက်ဟာ ငြိမ်းချမ်းရေး အလျင်အမြန် (quick peace) ရဖို့ မဟုတ်ဘဲ တရားမျှတတဲ့ ငြိမ်းချမ်းရေး (just peace) သာ ဖြစ်ကြောင်း ထရမ့်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထရမ့် – ပူတင် ဆွေးနွေးပွဲ အတွက် ဟန်ဂေရီ ကို ရွေးချယ် သတ်မှတ်တာကိုလည်း ဇလန်စကီး က ဝေဖန်ခဲ့ပါတယ်။

ထရမ့်ကတော့ သတင်းထောက်တွေကို ပြောကြားရာမှာ “ကျွန်တော်တို့ သုံးယောက်အဖြစ် ပါဝင်မှာပါ။ ဒါပေမဲ့ သီးခြားစီ ဖြစ်နေနိုင်ပါတယ်” လို့ ဆိုလိုက်ပြီး ခေါင်းဆောင်သုံးဦးစလုံး “အတူတကွ တွေ့ဆုံဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

သောကြာနေ့ ထရမ့်နဲ့ ဆွေးနွေးပွဲမှာ ဇလန်စကီး က ရုရှားအတွင်းပိုင်း အထိ ပစ်ခတ်နိုင်တဲ့ Tomahawk ဒုံးကျည်တွေကို သေချာပေါက် မျှော်လင့်ခဲ့ ပေမယ့်လည်း ထရမ့်က ကတိမပေးခဲ့တဲ့ အတွက် လက်ဗလာ နဲ့ ပြန်ခဲ့ရပုံ‌ ရပါတယ်။

တနင်္လာနေ့ထုတ် မီဒီယာ သတင်းတွေ အရ အမေရိကန် နဲ့ ယူကရိန်း ခေါင်းဆောင်တွေ တွေ့ဆုံပွဲဟာ အရင်ကထက် ပိုပြီး တင်းမာ ပြင်းထန် ခဲ့တယ်လို့ ဆိုပါတယ်။

Financial Times သတင်းစာ မှာတော့ ထရမ့်က ဇလန်စကီးကို ရုရှားရဲ့ စည်းကမ်းချက်တွေကို လက်မခံဘူး ဆိုရင် ပူတင်က ယူကရိန်းကို “ဖျက်ဆီးပစ်လိမ့်မယ်” လို့ သတိပေးခဲ့ကြောင်း ဆွေးနွေးပွဲနဲ့ ရင်းနှီး သူတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အမေရိကန်ဘက်က ရုရှားရဲ့ ပြောဆိုချက်တွေ အတိုင်း ပဲ့တင်ထပ် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထရမ့်က ယူကရိန်း စစ်မျက်နှာ မြေပုံတွေကို ဘေးဖယ်ထားပြီး ဒွန်ဘတ်စ် (Donbas) ဒေသတခုလုံးကို ပူတင်ကို ပေးလိုက်ဖို့ ဇလန်စကီး ကို တောင်းဆိုခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

အရင်လ ကတော့ ယူကရိန်းဟာ “မူလပုံစံအတိုင်း ယူကရိန်းတခုလုံးကို ပြန်လည် အနိုင်ယူနိုင်တယ်” လို့ ထရမ့်က ပြောခဲ့ဖူးပါတယ်။

အဲဒီမတိုင်ခင်ကလည်း ထရမ့်က ယူကရိန်းဟာ နယ်မြေအချို့ကို စွန့်လွှတ် ရဖွယ် ရှိတယ်လို့ သတိပေးခဲ့ပါတယ်။

ဇလန်စကီးကတော့ နယ်မြေစွန့်လွှတ်မှုကို အစဉ်တစိုက် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခကို အဆုံးသတ်ဖို့ အတွက် ထရမ့်ဟာ မော်စကို အပေါ် စီးပွားရေး ဖိအားပေးဖို့ ရည်ရွယ်ပြီး နေတိုးနိုင်ငံတွေ အပါအဝင် တရုတ်နဲ့ အိန္ဒိယ တို့ အနေနဲ့ ရုရှားဆီက ရေနံ ဝယ်ယူမှု ရပ်တန့်ဖို့ ဖိအားပေး နေတာလည်း ရှိပါ တယ်။

တခါ စစ်ပွဲ အဆုံးသတ်ရေး တိုးတက်မှုရရှိစေဖို့ ပူတင်ကို နောက်ဆုံး သတ်မှတ်ရက် အထိ မလိုက်နာဘူးဆိုရင် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့်လည်း ဘာမှ အကောင်အထည် ဖော်ခဲ့တာမျိုး မရှိပါ။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version