အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မနေ့က တယ်လီဖုန်း ပြောကြားရာမှာ “ကြီးမားတဲ့ တိုးတက်မှု” တွေ ရရှိ ခဲ့ပြီး၊ ဟန်ဂေရီ နိုင်ငံမှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ကြဖို့ သဘောတူခဲ့ ကြောင်း ပြောကြားလိုက်ပါတယ်။
ဩဂုတ်လ လယ် နောက်ပိုင်း ပူတင်နဲ့ ပထမဆုံး အကြိမ် ပြောဆိုခဲ့တဲ့ ဒီ ဖုန်းခေါ်ဆိုမှုဟာ “အလွန်တရာ အကျိုးဖြစ်ထွန်းမှု ရှိတယ်’’ လို့ ထရမ့်က ပြောလိုက်ပြီး ဝါရှင်တန်နဲ့ မော်စကို အဖွဲ့တွေ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံကြမှာလို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ဟန်ဂေရီ မြို့တော် ဘူဒါပက် မှာ ယူကရိန်းစစ်ပွဲ အတွက် ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပေမယ့် ရက်ကို တော့ အတိအကျ မပြောကြားပါ။
ကရင်မလင် နန်းတော်ကလည်း “အလွန်ပွင့်လင်းပြီး ယုံကြည်မှုရှိတဲ့” ဖုန်းခေါ်ဆိုမှုလို့ ခေါ်ဆိုလိုက်ပြီး ထိပ်သီး အစည်းအဝေး အတွက် လုပ်ငန်း တွေကို “ချက်ချင်း” စတင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ဒီကနေ့ အိမ်ဖြူတော်ကို လာရောက်ဖို့ ရှိပြီး ထရမ့်က ရုရှားနိုင်ငံ အတွင်းပိုင်း အထိ ရောက်ရှိနိုင်တဲ့ တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တွေ ယူကရိန်ကို တပ်ဆင် ပေးသင့်/မပေးသင့် ချိန်ဆ နေချိန်လည်း ဖြစ်ပါတယ်။
ဇလန်စကီး က အမေရိကန်ကို ရောက်ရှိလာချိန်မှာ “တိုမာဟော့ခ် အကြောင်း ကြားရတာနဲ့ မော်စကိုက ဆွေးနွေးမှု ပြန်စဖို့ အလျင်စလို ဖြစ်လာတယ်” လို့ ပြောပါတယ်။
ဖုန်းခေါ်ဆိုမှု အပြီး ထရမ့်က သူ့ရဲ့ Truth Social မှာ ရေးသား ထားရာမှာ “ယူကရိန်း စစ်ပွဲ ပြီးဆုံးသွားတဲ့ အခါ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စု အကြား ကုန်သွယ်ရေး” အကြောင်းကို အချိန် အတော်ကြာ ပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။
လာမယ့် ရက်သတ္တပတ်မှာ နှစ်နိုင်ငံက “အဆင့်မြင့် အကြံပေးတွေ” တွေ့ဆုံကြမှာ ဖြစ်ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က ဦးဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ထရမ့်က ပူတင်နဲ့ ဆွေးနွေးမှုတွေ အကြောင်း ဇလန်စကီး ကို ဒီကနေ့ သောကြာနေ့မှာ အသိပေးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ “ဒီကနေ့ ဖုန်းပြောဆိုမှုမှာ ကြီးမားတဲ့ တိုးတက်မှု ရရှိခဲ့တယ်လို့ ကျွန်တော် ယုံကြည်ကြောင်း” ထပ်လောင်းပြောပါတယ်။
ပူတင်နဲ့ ဖုန်းခေါ်ဆိုခဲ့ပြီးနောက် ယူကရိန်းကို ဒုံးကျည်တွေ ပေးဖို့ ဖြစ်နိုင်ခြေ ရှိမရှိ သတင်းထောက်တွေက မေးမြန်းရာမှာ ထရမ့် က အမေရိကန်ရဲ့ တိုမာဟော့ခ် လက်ကျန်တွေကို “ကျွန်တော်တို့ လျှော့ချလို့ မဖြစ်နိုင်ဘူး” လို့ ပြောကြားခဲ့ပြီး၊ “ကျွန်တော်တို့လည်း လိုအပ်ပါတယ်… ဒါကြောင့် အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်နိုင် မလဲဆိုတာ မသိဘူး” လို့ ဖြေကြားခဲ့ပါတယ်။
ref: bbc