THN Public Media Blog သတင်း နိုင်ငံရေး ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြား၊ ဒေါ်ကြည်ပြာအမှု ဖေ့စ်ဘွတ်ပေ့ချ် ကို စုံစမ်းရေးအဖွဲ့က ပိတ်ခိုင်း
နိုင်ငံရေး

ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြား၊ ဒေါ်ကြည်ပြာအမှု ဖေ့စ်ဘွတ်ပေ့ချ် ကို စုံစမ်းရေးအဖွဲ့က ပိတ်ခိုင်း

ဒီဇင်ဘာ ၁၁ – ၂၀၂၅

NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း တို့ကို ဝန်ထမ်းတွေ အပေါ် ဖိနှိပ် ဆက်ဆံမှု နဲ့ လှူဒါန်းငွေတွေ အလွဲသုံးစားလုပ်မှု အပါအဝင် အချက် ၂၀ နဲ့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာက တိုင်ကြားသူတွေကို တန်ပြန်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒေါ်ကြည်ပြာကနေ တန်ပြန်တိုင်ကြားထားတယ် ဆိုတာကို စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေ တိုင်ကြား သူတွေကို စစ်ဆေးပြီးတဲ့ နောက် တနေ့မှာ အသိပေးလာတာ ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာဘက်က ဘာကိုတိုင်ကြားထားတာလဲ ဆိုတာ မသိရကြောင်းနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အကြောင်းကြားစာထဲမှာလည်း တိုင်ကြားထားတဲ့ ခေါင်းအစဥ် အကြောင်းအရာ ပါမလာဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်ကြည်ပြာ အမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ် ပေ့ချ် တခု ဖွင့်ထားတာကို လည်း ပိတ်ပေးဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောထားပါတယ်။

ဘာကြောင့် အခုလို ပိတ်ခိုင်းတယ်ဆိုတာ မသိရပေမယ့် ဒေါ်ကြည်ပြာကို တိုင်ကြားသူတွေ ဘက်ကတော့ ဒါဟာ Freedom of Expression (လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို) ပိတ်ပင်တာ ဖြစ်ကြောင်း၊ ဒီအမှုကို အများပြည်သူတွေကလည်း သိခွင့်ရှိတယ်၊ သူတို့ အနေနဲ့ လူထုနဲ့ ဆက်သွယ်ဖို့ လိုအပ်တာ ဖြစ်လို့ ဒီပေ့ချ် ကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုင်ကြားသူတွေကို စုံစမ်းစစ်ဆေးပြီး ဖြစ်ကာ၊ လိုအပ်ရင် ပြန်လည်ခေါ်ယူ မေးမြန်းတာတွေ ရှိနိုင်ပါတယ်။

လောလောဆယ်မှာ တိုင်ကြားသူတွေက အဖြေကို စောင့်နေကြပါတယ်။

စုံစမ်းစစ်ဆေးရေး ကာလအပိုင်းအခြားက ၁ လ အတွင်း ပြီးဆုံးမှာ ဖြစ်လို့ လာမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့ဆို တလပြည့်မှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ဘက်က အဖြေတခု ထွက်လာနိုင်ပါတယ်။

ဒီစုံစမ်းစစ်ဆေးရေး ဘက်ကနေ ဘက်လိုက်မှု ကင်းစွာနဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ဖို့ အထူး လိုလားကြောင်း တိုင်ကြားသူတွေက ပြောကြားထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version