THN Public Media Blog သတင်း နိုင်ငံတကာ သမ္မတ ဘိုင်ဒန်လက်ထက် လက်ခံခဲ့တဲ့ ဒုက္ခသည် အားလုံးကို ပြန်စစ်ဆေးဖို့ ထရမ့်အစိုးရ ညွှန်ကြား
နိုင်ငံတကာ

သမ္မတ ဘိုင်ဒန်လက်ထက် လက်ခံခဲ့တဲ့ ဒုက္ခသည် အားလုံးကို ပြန်စစ်ဆေးဖို့ ထရမ့်အစိုးရ ညွှန်ကြား

နိုဝင်ဘာ ၂၆ – ၂၀၂၅

သမ္မတ ဂျိုးဘိုင်ဒန် အစိုးရ လက်ထက် က အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်လာတဲ့ ဒုက္ခသည် အားလုံးကို ထရမ့်အစိုးရက ပြန်လည် စစ်ဆေးဖို့ စီစဉ်နေတဲ့ ညွှန်ကြားချက်ကို ရရှိခဲ့ကြောင်း အေပီ သတင်းဌာန က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါဟာ ဘိုင်ဒန်လက်ထက် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည် အဖြစ် ရောက်ရှိလာသူ ၂ သိန်းကျော် အကြား ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုတွေ ကို ဖြစ်ပေါ် စေဖွယ်ရှိပါတယ်။

အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာန USCIS ဒါရိုက်တာ Joseph Edlow လက်မှတ် ရေးထိုးထားတဲ့ ပြီးခဲ့တဲ့ သောကြာနေ့စွဲနဲ့ ညွှန်ကြားချက်မှာ ဘိုင်ဒန်လက်ထက်က “အသေးစိတ်စိစစ်ခြင်းနှင့် ဆန်းစစ်ခြင်း ထက် မြန်ဖို့နှင့် အရေအတွက် ကို ဦးစားပေးခဲ့သည်’’ လို့ ဖေါ်ပြထားပါတယ်။

ဒီအတွက်ကြောင့် ၂၀၂၁ ဇန်နဝါရီလ ၂၀ ကနေ ၂၀၂၅ ဖေဖော်ဝါရီလ ၂၀ အထိ လက်ခံခဲ့တဲ့ ဒုက္ခသည် အားလုံးကို ပြန်လည် စစ်ဆေးပြီး “ပြန်လည် တွေ့ဆုံ မေးမြန်းခြင်း” ပြုလုပ်ဖို့ လိုအပ်တယ်လို့ ညွှန်ကြားချက်က ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ကာလအတွင်း အမေရိကန်ကို ရောက်ရှိ လာတဲ့ ဒုက္ခသည် တွေ အတွက် Green Card အတည်ပြုချက်တွေကို ချက်ချင်း ဆိုင်းငံ့ လိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

လမ်းညွှန်ချက်ထဲမှာ သုံးလ အတွင်း ပြန်လည်တွေ့ဆုံ မေးမြန်းရမယ့် သူတွေ စာရင်း ရှိလိမ့်မယ်လို့ ဆိုပါတယ်။

တစုံတဦးဟာ ဒုက္ခသည်အဖြစ် ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီ ကြောင်း အေဂျင်စီက ဆုံးဖြတ်ပါက “အယူခံဝင်ရန် အခွင့်အရေးမရှိ” ဘူး လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း နှင်ထုတ်ရေး အစီအစဥ်ထဲ ထည့်သွင်းပြီး လူဝင်မှု ကြီးကြပ်ရေး တရားရုံးကို ပို့ဆောင်တဲ့ အခါ အဲဒီမှာ အသနားခံစာ တင်နိုင်မှာ ဖြစ်ပါတယ်။

Green Card ရရှိပြီးသူတွေကိုပင် ပြန်လည်စစ်ဆေးမယ်လို့ ညွှန်ကြားချက် မှာ ဖေါ်ပြထားပါတယ်။

ဒုက္ခသည်တွေအဖြစ် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာသူ အားလုံး အနက် အများစုမှာ အထူးစိစစ်မေးမြန်းခံ ရသူတွေဖြစ်ပြီး သူတို့တတွေဟာ အမေရိကန်ကို ရောက်ရှိဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရကြောင်း ဒုက္ခသည် အစီအစဉ်ကို ထောက်ခံသူတွေက ပြောကြားပါတယ်။

ဒါရိုက်တာ Joseph Edlow ကတော့ “USCIS က ဥပဒေကို လိုက်နာဖို့နဲ့ ဒုက္ခသည် အစီအစဉ်ကို အလွဲသုံးစား မလုပ်မိရေး သေချာစေဖို့ အသင့် ရှိနေပါပြီ” လို့ ရေးသားထားပါတယ်။

ဒုက္ခသည်အဖြစ် လက်ခံမှုနဲ့ အမေရိကန်ကို ရောက်ရှိလာသူတွေဟာ တနှစ် အကြာမှာ Green Card လျှောက်ထားဖို့ လိုအပ်ပြီး၊ အဲဒီနောက် ငါးနှစ် အကြာမှာ နိုင်ငံသား အဖြစ် လျှောက်ထားနိုင်ပါတယ်။

အခုလို ညွှန်ကြားချက်စာ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန၊ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်တို့ ကနေ မှတ်ချက်ပေးရန် တောင်းဆိုမှုတွေကို ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပါ။

ညွှန်ကြားချက်မှာ ဖော်ပြထားတဲ့ လုပ်ငန်းတွေဟာ ဒုက္ခသည် အစီအစဥ်ကို ပစ်မှတ်ထားတဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

ထရမ့်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်း နေထိုင်သူတွေကို ပိုမိုနှင်ထုတ် မယ်ဆိုတဲ့ ကတိကဝတ် တစိတ်တပိုင်း အဖြစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပိုမိုတင်းကျပ်ခဲ့ပါတယ်။

ဘိုင်ဒန်အစိုးရ လက်ထက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အထိ ဒုက္ခသည် ၁၈၅၆၄၀ ဦးကို လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် ၁၀၀၀၀၀ ကျော်လက်ခံခဲ့ပြီး ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလားနဲ့ ဆီးရီးယား တို့က အများဆုံးဖြစ်ပါတယ်။

ဒုက္ခသည် အရေးလှုပ်ရှားသူတွေက အခုလို ပြန်လည်စစ်ဆေးမယ်ဆိုတဲ့ သတင်းကို ဝေဖန်ခဲ့ပြီး ဒုက္ခသည်တွေဟာ အမေရိကန်ကို အရောက်ရှိဖို့ စိစစ်မှု အများကြီး ဖြတ်သန်းခဲ့ရတာ ဖြစ်လို့ သူတို့တတွေကို စိတ်ဒဏ်ရာ ရစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

HIAS (ဒုက္ခသည်ပြန်လည်နေရာချထားရေးအေဂျင်စီ) ရဲ့ အမေရိကန် မူဝါဒနှင့် ထောက်ပံ့ရေး ဒုတိယဥက္ကဋ္ဌ Naomi Steinberg က “ဒီအစီအစဉ် ဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် မှားနေပါတယ်” လို့ ပြောကြား လိုက်ပြီး “ဒါဟာ သူတို့ ရဲ့ တည်ဆောက်ထားတဲ့ ဘဝသစ် တွေမှာ သူတို့ အိမ်ရာတွေနဲ့ လူမှုအသိုင်းအဝန်း တခုထဲ ရောက်ရှိ နေတာကို ညှာတာ ထောက်ထားမှု ကင်းမဲ့တဲ့ လုပ်ရပ် ဖြစ်ပြီး အစိုးရဟာ ပိုမို ဆိုးရွားတဲ့ အခြေအနေ တခုကို ရောက်ရှိ သွားတာ ဖြစ်တယ်’’ လို့ သူကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အကူအညီ အစီအစဥ် IRAP ဥက္ကဋ္ဌ Sharif Aly က “ဒီလုပ်ဆောင်မှုဟာ ကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှု အပြင်၊ ကျွန်တော်တို့ရဲ့ ရပ်ရွာတွေမှာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ နေထိုင်နေတဲ့ လူပေါင်း ၂၀၀၀၀၀ ကို ပြန်လည်စစ်ဆေးပြီး ပြန်လည် တွေ့ဆုံမေးမြန်း တာဟာ အစိုးရ ရန်ပုံငွေတွေကို အကြီးအကျယ် ဖြုန်းတီးရာလည်း ရောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version