THN Public Media Blog သတင်း နိုင်ငံတကာ တတိယ သမ္မတ သက်တမ်း အတွက် ထရမ့် ပယ်ချခြင်းမပြု၊ လုပ်ဆောင်ချင်တယ်လို့ ဆို၊ ‘VP Loophole’ ကိုတော့ အသုံးမပြု
နိုင်ငံတကာ

တတိယ သမ္မတ သက်တမ်း အတွက် ထရမ့် ပယ်ချခြင်းမပြု၊ လုပ်ဆောင်ချင်တယ်လို့ ဆို၊ ‘VP Loophole’ ကိုတော့ အသုံးမပြု

IN FLIGHT - OCTOBER 27: U.S. President Donald Trump speaks to members of the media aboard Air Force One on October 27, 2025, in flight. Trump is in route to Japan after attending the Association of Southeast Asian Nations (ASEAN) summit in Malaysia, and will travel on to South Korea for the Asia-Pacific Economic Cooperation (APEC) forum. (Photo by Andrew Harnik/Getty Images

အောက်တိုဘာ ၂၈ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က သမ္မတရာထူး အတွက် တတိယ သက်တမ်း ထပ်ယူဖို့ ဖြစ်နိုင်ခြေကို ပယ်ချခြင်း မပြုဘဲ သူ့အနေနဲ့ “လုပ်ဆောင်ချင်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း သမ္မတ တဦးကို တတိယသက်တမ်း အတွက် ရွေးချယ်ဖို့ တားမြစ် ထားတဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှောင်ကွင်းဖို့ အတွက် တချို့ ထောက်ခံသူတွေ အကြံပြုထားတဲ့ ဒုတိယသမ္မတလောင်း (Vice-President) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုတော့ ထရမ့်က ပယ်ချခဲ့ ပါတယ်။

ဒီနေရာမှာ “VP Loophole” (ဒုတိယသမ္မတ ဟာကွက်) ကို အသုံးချဖို့ သူ့ကို ထောက်ခံသူတွေက အကြံပေးနေတာ ဖြစ်ပါတယ်။

“VP Loophole” အရ ထရမ့်က ဒုတိယ သမ္မတ နေရာ ဝင်အရွေးခံပြီး သူရွေးထားတဲ့ သူကလည်း သမ္မတ နေရာ ဝင်ရွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနောက် အနိုင်ရပြီ ဆိုရင် သမ္မတ အနိုင်ရသူက အကြောင်းတခုခု ပြကာ သမ္မတ နေရာက ဆင်းပေးလိုက်ခြင်းအားဖြင့် အခြေခံဥပဒေ အရ ဒုသမ္မတက သမ္မတ တာဝန်ယူ ရမှာ ဖြစ်ပါတယ်။

“VP Loophole” ကိုတော့ ထရမ့်က “လူတွေက အဲဒါကို သဘောကျမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဉာဏ်များလွန်းတယ်။ မသင့်တော်ဘူး” လို့ မလေးရှား ကနေ ဂျပန်ကို အသွား Air Force One လေယာဥ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး သူက ဆက်ပြောရာမှာ “ကျွန်တော် တကယ်တမ်း မစဉ်းစားရ သေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ အကောင်းဆုံး ထောက်ခံမှု ရလဒ်တွေ ရှိနေပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း Steve Bannon က အသက် ၇၉ နှစ် အရွယ်ရှိ သမ္မတထရမ့် အနေနဲ့ နောက်ထပ် သက်တမ်း တခု ရရှိစေဖို့ အတွက် “အစီအစဉ်” တခု ရှိနေ ကြောင်း “သင့်တော်တဲ့အချိန်မှာ အဲဒီ အစီအစဉ်ကို ချပြပါမယ်” လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်က ဒုတိယသမ္မတ ဂျေဒီဗန့်စ် နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တို့ကိုလည်း “တားဆီးမရနိုင်တဲ့” အလားအလာရှိတဲ့ အရိုက်အရာ ဆက်ခံမယ့် သူတွေအဖြစ် အကြံပြုခဲ့ပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၂၂ အရ သမ္မတတွေကို တတိယ သက်တမ်းအတွက် အရွေးခံခြင်းကို တားမြစ်ထားပါတယ်။

အဲဒီ အပိုဒ်ကို ပယ်ဖျက်ဖို့ အတွက် လွှတ်တော် ၂ ခု စလုံး ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှု ဒါမှမဟုတ် ပြည်နယ်ဥပဒေပြု လွှတ်တော်တွေရဲ့ သုံးပုံနှစ်ပုံက ခေါ်ယူမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံတခု လိုအပ်တာ ဖြစ်တာကြောင့် ဒါဟာ လုံးဝမဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် ဒီအပိုဒ်ကို တရားဝင် အကျိုးသက်ရောက် စေဖို့အတွက် ပြည်နယ် ၃၈ ခုရဲ့ ထောက်ခံ အတည်ပြုမှုလည်း လိုအပ်မှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version