THN Public Media Blog သတင်း ပြည်တွင်း မြောက်ဒဂုံက ပျောက်ဆုံးနေတဲ့ Grade – 6 ကျောင်းသားကို ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့
ပြည်တွင်း

မြောက်ဒဂုံက ပျောက်ဆုံးနေတဲ့ Grade – 6 ကျောင်းသားကို ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့

ဇွန် ၁၀ – ၂၀၂၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ပျောက်ဆုံးနေတဲ့ (၁၃) နှစ်အရွယ်၊ Grade – 6 ကျောင်းသားကို ဒီကနေ့ ဇွန် ၁၀ ရက်၊ မနက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ် လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ မြောက်ဒဂုံမြို့နယ်၊ ၃၉/A ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော် ဆိုသူဖြစ်ကာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ကျောင်းမှ ပြန်လာပြီးနောက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ပြန်လည် ထွက်ခွာသွားပြီး ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

ဒီကနေ့ မနက်မှာတော့ ပျောက်ဆုံးနေသူကို မြောက်ဒဂုံ၊ (၃၈) ရပ်ကွက်၊ အင်ကြင်းလမ်းထဲက မီးသတ်ရေကန်မှာ မှောက်လျက် အနေအထားနဲ့ သေဆုံး နေတာကို ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“သူပျောက်တဲ့နေ့က သူငယ်ချင်းအိမ်ကို သွားမယ်ဆိုပြီး ထွက်သွားတာလို့ သူ့အိမ်က ပြောတယ်။ အဲဒီနေ့၊ ညနေပိုင်းက မိုးတွေရွာပြီး မည်းမှောင် နေတာ။ အဲဒီလိုအချိန်မျိုးဆို ရေကန် အနီးတဝိုက်မှာ လူပြတ်တတ်တယ်။ အဲဒါကြောင့် ဘယ်လိုဖြစ်သွားမှန်းလည်း ဘယ်သူမှ မသိလိုက်ကြဘူးပေါ့။ အဲဒီနားမှာ နေတဲ့သူတွေကတော့ မိုးသံတွေ ကြားထဲမှာ ရန်ဖြစ်နေတဲ့ အသံတွေ ကြားရတယ်လို့ ပြောကြတယ်။ သေသေချာချာတော့ သိပ်မသိကြဘူး” လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သေဆုံးသူဟာ မျက်နှာ ဖောယောင်နေပြီး ဒဏ်ရာတွေလည်း တွေ့ရှိ ထားတာကြောင့် လက်ရှိမှာ ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် မြောက်ဥက္ကလာ ဆေးရုံကြီးကို ပို့ဆောင်ထားကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမှုမှန်ပေါ်ဖို့ ကြိုးစားပေးနေတယ်လို့ သူက ပြောပါတယ်။

ဒီအခင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ၊ မကာအိုဒေသမှာ ရောက်ရှိ နေတဲ့ သေဆုံးသူရဲ့ မိခင်ဖြစ်သူကလည်း ပျောက်ဆုံးနေတဲ့ သူမရဲ့ သားကို ပြန်တွေ့ပြီဖြစ်ပြီး၊ အသတ်ခံရကာ ရေကန်ထဲ ပစ်ချထားခြင်း ခံရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားတာ တွေ့ရ ပါတယ်။

Photo: CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version