ဇွန် ၁၀ – ၂၀၂၆
#သမိုင်းဝင် ၃ နိုင်ငံ ဖွင့်ပွဲ အခမ်းအနားနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလားကြီး စတင်တော့မယ်
ပထမဆုံး ဖွင့်ပွဲ ကို မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့က ဘာနော့တေး အားကစားကွင်းကြီးမှာ ဇွန်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ (မြန်မာအချိန် ည ၁၁ နာရီ ခွဲ) မှာ စတင် ကျင်းပမှာ ဖြစ်ပြီး ဖွင့်ပွဲပြီးတာနဲ့ အိမ်ရှင် မက္ကဆီကို နဲ့ တောင်အာဖရိက တို့ ဗွေဆော်ဦး ပွဲ စတင် ကစားကြမှာ ဖြစ်ပါတယ်။
အဲဒီပထမဆုံး ဖွင့်ပွဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား သီချင်းဖြစ်တဲ့ “Dai Dai” ကို ရှာကီရာ နဲ့ ဘာနာဘွိုင်း တို့က ပထမဆုံး အကြိမ် ဖျော်ဖြေ မိတ်ဆက်သွားကြမှာပါ။
ဒါ့အပြင် တခြားဖျော်ဖြေဖို့ သတ်မှတ်ထားတဲ့ အနုပညာရှင်တွေ ကတော့ အလက်ဟန်ဒရို ဖာနန်ဒက်စ်၊ ဂျေဘယ်ဗင်၊ မာနား နဲ့ တိုင်လာ တို့ ဖြစ်ကြပါတယ်။
–
#ကနေဒါနိုင်ငံ တိုရွန်တိုမြို့က ဖွင့်ပွဲ
ကနေဒါနိုင်ငံရဲ့ ဖွင့်ပွဲအခမ်းအနား ကိုတော့ ဇွန်လ ၁၂ ရက် သောကြာနေ့၊ နေ့လယ် ၁:၃၀ နာရီမှာ (မြန်မာအချိန် ည ၁၂ နာရီ) တိုရွန်တိုမြို့က ဘီအမ်အို ကွင်း (BMO Field) မှာ ပြုလုပ်ဖို့ သတ်မှတ် ထားပါတယ်။
ဖျော်ဖြေမယ့်သူတွေ ထဲမှာ Michael Buble ၊ Alanis Morissette ၊ Alessia Cara တို့အပြင် ပါလက်စတိုင်း အဆိုတော် Elyanna နဲ့ Nora Fatehi တို့ ပါဝင်ပါတယ်။
ဒုတိယ ဖွင့်ပွဲပြီးတာနဲ့ အိမ်ရှင် ကနေဒါ နဲ့ ဘော့စနီးယား ဟာဇီဂိုးဗီးနား တို့ ယှဥ်ပြိုင်ကြမှာပါ။
–
#လော့စ်အိန်ဂျလိစ်မြို့ ဖွင့်ပွဲ အခမ်းအနား
အမေရိကန်နိုင်ငံရဲ့ ဖွင့်ပွဲ အခမ်းအနားကတော့ လော့စ်အိန်ဂျလိစ်မြို့က SoFi အားကစားကွင်း မှာ ဇွန် ၁၃ ရက်နေ့ စနေနေ့ အနောက်ဘက်အချိန် ညနေ ၄ နာရီခွဲ (မြန်မာအချိန် ဇွန် ၁၄ ရက် မနက် ၅ နာရီ) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ Blackpink အဖွဲ့က လီဆာ အပါအဝင် Katy Perry ၊ Future ၊ Anitta ၊ နဲ့ Rema တို့က ဖျော်ဖြေ တင်ဆက်ကြမှာပါ။
တဆက်တည်းမှာပဲ အိမ်ရှင် အမေရိကန် နဲ့ ပါရာဂွေး အသင်းတို့ ယှဥ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဒီလို ဖွင့်ပွဲ အခမ်းအနား ၃ ခု ခွဲ လုပ်တာနဲ့ ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌ Gianni Infantino က အခု အခမ်းအနားတွေဟာ “နိုင်ငံတနိုင်ငံချင်းစီရဲ့ ထူးခြားတဲ့ ကိုယ်ပိုင် လက္ခဏာတွေ အပြင် ဒီပြိုင်ပွဲကြီးကို သတ်မှတ် ဖော်ဆောင်ပေးတဲ့ စည်းလုံးညီညွတ်မှုကိုပါ ထင်ဟပ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
—————————
THN Public Media
