THN Public Media Blog သတင်း နိုင်ငံတကာ ရဟတ်ယာဉ် ပစ်ချခံရမှု အီရန်ကို အမေရိကန် ပြန်တိုက်ပြီ
နိုင်ငံတကာ

ရဟတ်ယာဉ် ပစ်ချခံရမှု အီရန်ကို အမေရိကန် ပြန်တိုက်ပြီ

ဇွန် ၁၀ – ၂၀၂၆

ဟော်မုဇ်ရေလက်ကြား ပေါ်မှာ အမေရိကန် ရဟတ်ယာဉ်တစင်းကို အီရန်က ပစ်ချခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး ပြန်လည် တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပြီးနောက် အမေရိကန်ဟာ အီရန်နိုင်ငံ အပေါ် တိုက်ခိုက်မှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် Centcom ရဲ့ ထုတ်ပြန်ချက် အရ ရဟတ်ယာဉ် ပစ်ချခံရမှုကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် တပ်ဖွဲ့တွေဟာ အင်္ဂါနေ့ အမေရိကန် အရှေ့ဘက် စံတော်ချိန် ညနေ ၅ နာရီ တိုက်ခိုက်မှု တွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီစစ်ဆင်ရေးဟာ အီရန်ရဲ့ အကြောင်းပြချက်မရှိတဲ့ ရန်စတိုက်ခိုက်မှု အပေါ် ထိုက်သင့်တဲ့ ပြန်လည်တုံ့ပြန်မှု တခု ဖြစ်တယ်” လို့ Centcom ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပစ်ချခံလိုက်ရတဲ့ အမေရိကန် Apache ရဟတ်ယာဉ် ပေါ်က လေသူရဲ နှစ်ဦးကိုတော့ အမေရိကန်ရဲ့ ပင်လယ်ပြင်သုံး ဒရုန်း တစင်းက ကယ်ဆယ် နိုင်ခဲ့တယ်လို့ Centcom က ဆိုပါတယ်။

“အဲဒီမှာ လေသူရဲနှစ်ဦး ပါဝင်ခဲ့ပြီး နှစ်ယောက်စလုံး ဘေးကင်းကင်းနဲ့ ဒဏ်ရာ မရဘူး” လို့ ထရမ့်က Truth Social မှာ ရေးသားခဲ့ပါတယ်။

“ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီတိုက်ခိုက်မှုအပေါ် မဖြစ် မနေ ပြန်လည်တုံ့ပြန်ဖို့ လိုအပ်ပါတယ်။”

အီရန်မီဒီယာတွေ ကလည်း ဒီဖြစ်စဉ်ကို ဖော်ပြခဲ့ကြပြီး၊ Mehr သတင်းအေဂျင်စီ ကတော့ ဒီကိစ္စဟာ အီရန်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဝန်ခံ ပြောကြားထားခြင်း မရှိကြောင်း ဖော်ပြခဲ့ ပါတယ်။

အင်္ဂါနေ့တုန်းက ပစ်ချခံရတဲ့ အမေရိကန် အပါချီ ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး ထရမ့် မပြောဆိုခင် မိနစ်ပိုင်းအလိုမှာပဲ ဝါရှင်တန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ အီရန်ရဲ့ ထိပ်တန်း ညှိနှိုင်းရေးမှူး Mohammad Baqer Qalibaf က လူမှုကွန်ရက်ပေါ်မှာ ကလဲ့စား ချေမယ့် အရိပ်အယောင်ကို အခုလို ရေးသားပြသခဲ့ပါတယ်။

“ကျွန်တော်တို့က သံတမန်စကား ပြောရတာကို ပိုသဘောကျပါတယ်၊ ဒါပေမဲ့ တခြားဘာသာစကားတွေကို ပိုပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်။ ခင်ဗျားတို့ဘက်က ကတိကဝတ်တွေကို ဖောက်ဖျက်ရင်တော့ ကျွန်တော်တို့ အကျွမ်းကျင်ဆုံး ပြောနိုင်တဲ့ ဘာသာစကား ဘက်ကို ပြောင်းလဲလိုက်မှာပါ။” “ခင်ဗျားတို့ ကုန်းနှီး တင်ခဲ့တဲ့ မြင်းကို ခင်ဗျားတို့ ဘာသာ ဆက်စီးကြပေါ့ (ကိုယ့်လုပ်ရပ်ရဲ့ ရလဒ်ကို ကိုယ်တိုင်ခံကြပေါ့)” လို့ သူက ရေးသားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version