THN Public Media Blog သတင်း War ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် လက်ခံနိုင်ခြေမရှိ၊ ‘ပါလက်စတိုင်း လူမျိုးတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသည်’ လို့ ဟားမတ်စ်အရာရှိ ပြော
War နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် လက်ခံနိုင်ခြေမရှိ၊ ‘ပါလက်စတိုင်း လူမျိုးတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသည်’ လို့ ဟားမတ်စ်အရာရှိ ပြော

Palestinian militant group Hamas fighters secure an area before handing over an Israeli-America hostage to a Red Cross team in Gaza City on February 1, 2025, as part of the fourth hostage-prisoner exchange. Ranks of Hamas fighters formed up on Gaza's beachfront on February 1 for the handover of an Israeli-American hostage Keith Siegel in a show of force against the dramatic backdrop of breaking waves. (Photo by Saeed Jaras / Middle East Images / Middle East Images via AFP) (Photo by SAEED JARAS/Middle East

အောက်တိုဘာ ၁ – ၂၀၂၅

ဟာမတ်စ် ထိပ်တန်း ပုဂ္ဂိုလ်တဦးက ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ်ဟာ “အစ္စရေးရဲ့ အကျိုးစီးပွားကိုသာ အထောက်အကူပြုပြီး” “ပါလက်စတိုင်းလူမျိုးတို့ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်” လို့ ပြောကြားကာ ဟားမတ်စ် အနေနဲ့ ဒီ အစီအစဥ်ကို ပယ်ချဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်ရဲ့ အစီအစဥ်ထဲက အဓိက အချက်တချက်ဖြစ်တဲ့ လက်နက်ချခြင်းနဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ်ခြင်း ကို ဟားမတ်စ် တို့က သဘောတူ မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။

ဟားမတ်စ်က ဂါဇာမှာ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ဖြန့်ကျက် ချထားမှာကိုလည်း ကန့်ကွက်ကြောင်း သိရပြီး၊ ဒါဟာ ဂါဇာကို သိမ်းပိုက်တဲ့ ပုံစံသစ် အဖြစ် ဟားမတ်စ်တို့က ရှုမြင်ပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က တနင်္လာနေ့ အိမ်ဖြူတော် ဆွေးနွေးပွဲ အတွင်း ထရမ့်ရဲ့ အစီအစဥ်ကို လက်ခံခဲ့ပေမယ့် ဟားမတ်စ် တို့ကတော့ တရားဝင် တုံ့ပြန်မှု တစုံတရာ မလုပ်သေးပါ။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ဟားမတ်စ်တို့ဟာ အိမ်ဖြူတော် ရဲ့ အဆိုပြုချက်ကို “တာဝန်ရှိစွာနဲ့” လေ့လာနေကြောင်း ပြောကြားထား ပါတယ်။ ဟာမတ်စ်တို့ရဲ့ ဆွေးနွေးမှုတွေကို သိတဲ့ ပါလက်စတိုင်း အကြီးတန်း အရာရှိ တဦးက ဆွေးနွေးပွဲတွေမှာ ဂါဇာ အတွင်း အပြင် နှစ်နေရာ စလုံးက ဟားမတ်စ်ခေါင်းဆောင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဟားမတ်စ် စစ်ရေးဆိုင်ရာ တပ်မှူး အီဇ် အယ်လ်-ဒင် အယ်လ်-ဟာဒက် က အိမ်ဖြူတော် အစီအစဥ်ကို လက်ခံမယ့်အစား ဆက်လက်တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ယူဆရပါတယ်။
ဂါဇာအပြင်က ဟားမတ်စ် အရေးကြီး ပုဂ္ဂိုလ်တွေဟာ ဓားစာခံတွေကို တိုက်ရိုက် ထိန်းချုပ်မှု မရှိသလို၊ မကြာသေးခင်က ဆွေးနွေးမှုတွေမှာ လည်း ဘေးဖယ်ထားခြင်း ခံထားရပါတယ်။
ရက်ပေါင်းများစွာ ကြာမြင့်မယ်လို့ မျှော်လင့်ရတဲ့ ဟာမတ်စ် ဆွေးနွေးပွဲ တွေမှာ တခြား ပါလက်စတိုင်း အဖွဲ့အစည်းတွေလည်း ပါဝင်ကြပါတယ်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ပြီး အရင်က အစ္စရေး ဓားစာခံ တချို့ကို ဖမ်းဆီးထားဖူးတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် (PIJ) က အင်္ဂါနေ့မှာ အစီအစဥ်ကို ပယ်ချခဲ့ပါတယ်။

ဟာမတ်စ်အတွက် အဓိက အငြင်းပွားစရာ အချက်က သူတို့ရဲ့ တခုတည်းသော အပေးအယူလုပ်နိုင်တဲ့ ဖဲချပ် ဖြစ်တဲ့ ဓားစာခံ အားလုံးကို တခါတည်း လွှဲပြောင်းပေးဖို့ ဆိုတဲ့ တောင်းဆိုချက် ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီအစီအစဥ်ကို ဒေါ်နယ်ထရမ့် က ထောက်ခံထားပေမယ့် အစ္စရေးတို့ဟာ ဓားစာခံတွေကို ပြန်ရပြီးတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြန်မစ တော့ဘူး ဆိုတဲ့ အချက်အပေါ် ယုံကြည်မှု မရှိဖြစ်နေတာပါ။
အထူးသဖြင့် အစ္စရေးဟာ ဒီလ အစောပိုင်းက အမေရိကန်ကို ဆန့်ကျင် ကာ ဒိုဟာမြို့က ဟာမတ်စ်ခေါင်းဆောင်ပိုင်းကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တဲ့ နောက် ပိုမိုယုံကြည်မှုနည်းပါးနေတာ ဖြစ်ပါတယ်။
X မှာ တင်ထားတဲ့ ရုပ်သံတခုမှာ နေတန်ယာဟုက အစ္စရေးစစ်တပ် အနေနဲ့ ဂါဇာရဲ့ အစိတ်အပိုင်း တချို့မှာ ဆက်ရှိနေနိုင်မှာ ဖြစ်ကြောင်းနဲ့ ပါလက်စတိုင်းနိုင်ငံကို အစ္စရေးက “အတင်းအကျပ် ဆန့်ကျင်မယ်” လို့ အခိုင်အမာ ပြောကြားထားတာ ဖြစ်ပါတယ်။

ဒီအချက်ဟာ အစ္စရေးတပ်ဖွဲ့တွေ လုံးဝ ရုပ်သိမ်းဖို့နဲ့ အစီအစဥ် ပြီးမြောက်ပါက “ပါလက်စတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံတော် တည်ထောင်ရေး အတွက် ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်း” ရှိလာ နိုင်တယ်ဆိုတဲ့ ထရမ့်ရဲ့ မူဘောင် သတ်မှတ်ချက်တွေကို ဆန့်ကျင်နေ ပါတယ်။

ဂါဇာထဲမှာ ရှိတဲ့ ပါလက်စတိုင်းတွေ ကတော့ စစ်ပွဲ အဆုံးသတ်နိုင် မယ်ဆိုတဲ့ အချက်ကြောင့် ဒီအစီအစဥ်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံ နေကြပါတယ်။
ဂါဇာ ဒေသခံ Khadar Abu Kweik က “အမေရိကန်ရဲ့ အစီအစဥ်မှာ မကောင်းတဲ့ အချက်တွေ ပါပေမဲ့ စစ်ပွဲကို ရပ်တန့်စေပြီး ဟားမတ်စ်ကို ဖယ်ရှားပေးမယ့်အတွက် ကျွန်တော် ထောက်ခံပါတယ်” လို့ပြောပါတယ်။

“ကျွန်တော်တို့ နေထိုင် နေရတဲ့ ဒီ ငရဲကို အဆုံးသတ်ဖို့ အတွက် မာရ်နတ် ကိုယ်တိုင် အစီအစဥ် ယူလာရင်တောင် ကျွန်တော် ထောက်ခံမှာပါ” လို့ သူက ပြောပါတယ်။
ပါလက်စတိုင်း သတင်းသမား Fathi Sabah က ” ဟားမတ်စ် ပယ်ချမယ် ဆိုရင်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကျောထောက် နောက်ခံနဲ့ စစ်ပွဲကို ဆက်လက် လုပ်ဆောင်ဖို့၊ ဂါဇာနဲ့ အလယ်ပိုင်း ဒေသမှာ ကျန်ရှိ တာတွေကို ဖျက်ဆီး ပစ်ဖို့ အတွက် နေတန်ယာဟုကို မီးစိမ်းပြလိုက်တာနဲ့ တူလိမ့်မယ်” လို့ ပြောပါတယ်။

“ဂါဇာလူထုဟာ ဒါကို မခံနိုင်တော့ပါဘူး။ သူတို့တွေ ဖျက်ဆီးခံရပြီး၊ ပင်ပန်း နွမ်းနယ်နေပြီး၊ အကြီးအကျယ် စိတ်ပျက်အားငယ်ပြီး မျှော်လင့်ချက် မဲ့နေပါတယ်” လို့ သူက ပြောပါတယ်။
” ဒီအစီအစဥ်ဟာ နေတန်ယာဟု အကျိုးစီးပွား အတွက် ဖြစ်တယ်၊ အန္တရာယ်တွေနဲ့ ပြည့်နေတယ်၊ သူတို့ရဲ့ ရည်မှန်းချက်တွေကို ထင်ဟပ် မပြဘူး ဆိုတာ သူတို့ သိပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ရပ်စဲဖို့ ဆိုရင် မနက်ဖြန် မဟုတ်တဲ့ အခုပဲ လိုချင်နေတာပါလို့ သူကထပ်လောင်း ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version