မတ်လ ၅ – ၂၀၂၆
၆ ရက်ကြာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ အီရန်မြို့တော် တီဟီရန်ရဲ့ ပုံသစ်တွေ ထွက်ပေါ်လာပြီး၊ မြို့တော်တဝန်းမှာလည်း ပေါက်ကွဲမှု တွေကို မြင်တွေ့နေရပါတယ်။
အစ္စရေးနိုင်ငံ မှာတော့ အီရန်ဘက်က တိုက်ခိုက်မှုအသစ်တွေ ရှိနေ ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားပြီး ကောင်းကင်ယံမှာ ပေါက်ကွဲမှုတွေကို မြင်တွေ့နေရပါတယ်။
အီရန်နိုင်ငံဘက် ကနေ အစ္စရေးဆီ ဦးတည် ပစ်ခတ်လိုက်တဲ့ နောက်ထပ် ဒုံးကျည် အသစ်တွေကို ထပ်မံ စမ်းသပ်တွေ့ရှိထားကြောင်း အစ္စရေး စစ်တပ် IDF က ပြောကြားလိုက်ပါတယ်။
အီရန်ဘက်က ဒုံးကျည်တွေနဲ့ တရစပ် တုံ့ပြန်နေတာကြောင့် အစ္စရေးရဲ့ Iron Dome လိုမျိုး ကာကွယ်ရေး စနစ်တွေ ဘယ်လောက်အထိ တောင့်ခံ နိုင်မလဲ ဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ အခုလို ဒုံးကျည်လှိုင်းတွေ ဆက်တိုက် လာနေတာက အစ္စရေးကို စိတ်ဓာတ် စစ်ဆင်ရေး လုပ်တာလည်း ဖြစ်နိုင်ပါတယ်။
အီရန်ရေတပ်က တိုက်ခိုက်ရေးသမားတွေဟာ ဒီကနေ့ နံနက်ပိုင်းမှာ ပင်လယ်ကွေ့ မြောက်ပိုင်းမှာ ရှိတဲ့ အမေရိကန်ရေနံတင် သင်္ဘောတစီးကို တိုက်ခိုက် ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက ကြေညာခဲ့ပါတယ်။
ဒီသင်္ဘောဟာ ပါရှန်းပင်လယ်ကွေ့မြောက်ပိုင်းမှာ ဒုံးကျည်နဲ့ ထိမှန်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ မီးလောင်နေတယ်” လို့ အီရန်တော်လှန်ရေး အစောင့်တပ် IRGC က နိုင်ငံပိုင်ရုပ်သံကနေ တဆင့် ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါ။
ယူကေ ရေကြောင်းကုန်သွယ်ရေး အဖွဲ့ MTO ရဲ့ ထုတ်ပြန်ချက်မှာတော့ ကူဝိတ်ကမ်းလွန် ပင်လယ်ကွေ့မြောက်ပိုင်းမှာ ရေနံတင် သင်္ဘောတစီး ဒီကနေ့ မနက်ပိုင်း တိုက်ခိုက်ခံ ရကြောင်း အစောပိုင်းက ထုတ်ပြန်ထား ပါတယ်။
“ကျောက်ချ ရပ်နားထားတဲ့ ရေနံတင် သင်္ဘောရဲ့ ကပ္ပတိန်က သင်္ဘောရဲ့ ဘယ်ဘက်ခြမ်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံကို ကြားခဲ့ရပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားရာ ကနေ လှေငယ် တစင်း မောင်းထွက်သွားတာကို မြင်တွေ့ခဲ့ရတယ်” လို့ ယူကေ MTO က ဆိုပါတယ်။
ဒါ့အပြင် အီရန်တော်လှန်ရေးအစောင့်တပ် IRGC က ပင်လယ်ကွေ့နဲ့ အိန္ဒိယသ မုဒ္ဒရာကို ဆက်သွယ်ထားတဲ့ ဟော်မုဇ်ရေ လက်ကြားကို “အပြည့်အဝ ထိန်းချုပ်ထားတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
ယူအေအီး UAE နိုင်ငံ ကတော့ ဒီကနေ့မှာ အီရန်ရဲ့ ဒုံးကျည် ၆ စင်းနဲ့ ဒရုန်း ၁၃၁ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမဲ့ ဒုံးကျည် ၁ စင်းနဲ့ ဒရုန်း ၆ စင်း ကတော့ နိုင်ငံ အတွင်းပိုင်းကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကာတာ နဲ့ ဘာရိန်း နိုင်ငံတို့ မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပြီး၊ အဇာဘိုင်ဂျန် နိုင်ငံကလည်း အီရန်ဒရုန်း ၂ စင်းရဲ့ တိုက်ခိုက် တာကို ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ပွဲဟာ အီရန်နဲ့ အစ္စရေးတင် မကဘဲ အိမ်နီးချင်း အာရပ်နိုင်ငံတွေဖြစ်တဲ့ ယူအေအီး၊ ကာတာ၊ ဘာရိန်းနဲ့ အဇာဘိုင်ဂျန်တို့ အထိပါ ကူးစက် လာနေတာ တွေ့ရပါတယ်။
အထူးသဖြင့် အီရန်က အမေရိကန် သင်္ဘောကို ထိမှန်အောင် တိုက်ခိုက် နိုင်ခဲ့တယ်လို့ ဆိုတာကြောင့် အမေရိကန်ဘက်က တုံ့ပြန်မှုဟာ ပိုမို ပြင်းထန် လာနိုင်ဖွယ် ရှိပါတယ်။
—————————
THN Public Media
