မတ်လ ၂၆ – ၂၀၂၆
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ရေတပ် တပ်မှူး Alireza Tangsiri ကို သတ်ဖြတ်လိုက်ပြီလို့ အစ္စရေးက ပြောကြားလိုက်ပါတယ်။
Alireza Tangsiri ဟာ ဟော်မုဇ်ရေလက်ကြားကို ဗုံးကြဲတာနဲ့ ပိတ်ဆို့တာ မျိုးလို အကြမ်းဖက် လုပ်ရပ်တွေ အတွက် တိုက်ရိုက် တာဝန်ရှိသူဖြစ်ပြီး အခုတော့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားပြီ လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Israel Katz က ပြောပါတယ်။
ဒါ့အပြင် တခြား ရေတပ်က အဆင့်မြင့်အရာရှိကြီး အတော်များများ ကိုလည်း သုတ်သင် နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါ။
Alireza Tangsiri ဟာ ၂၀၁၈ ခုနှစ်မှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ရေတပ် တပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရသူပါ။
အဲဒီမတိုင်ခင် ၂၀၁၀ ပြည့်နှစ် ကတည်းက IRGC ရေတပ်ရဲ့ ဒုတိယတပ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အမည်နဲ့ဖွင့်ထားတဲ့ X (Twitter) အကောင့်တခုဟာ ဒီနှစ် မတ်လ ၁၀ ရက်နေ့ ကတည်းက ပို့စ်တင်တွေ ရှိနေပြီး အီရန် မီဒီယာတွေ ကလည်း အဲဒီအကောင့်က တင်သမျှတွေကို ကိုးကားဖော်ပြလေ့ရှိပါတယ်။
အဲဒီအကောင့်မှာ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ရေးသားခဲ့ဖူး သလို အီရန်ကို ကျူးကျော်သူတွေနဲ့ ပတ်သက်တဲ့ ဘယ်သင်္ဘောမှ ဒီရေလက်ကြားကို ဖြတ်သန်းခွင့်မရှိဘူး လို့လည်း ဖေါ်ပြခဲ့ ပါတယ်။
Tangsiri ဟာ အမေရိကန်နဲ့ အစ္စရေးကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလေ့ ရှိတဲ့ တပ်မှူးတဦးပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်း ကလည်း အီရန်ရဲ့ ရေနံတင်ပို့မှုကို အနှောင့် အယှက် ပေးမယ်ဆိုရင် ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ် မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
အီရန်ဘက်က အမေရိကန်ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ်ကို ရေလက်ကြား အနီးမှာ ပစ်ချခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက Tangsiri နဲ့ တခြား IRGC တပ်မှူးတွေကို စီးပွားရေး ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
—————————
