THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ဒုံးကျည်တွေ လန်ဒန်အထိ ရောက်နိုင်လား
နိုင်ငံတကာ

အီရန်ဒုံးကျည်တွေ လန်ဒန်အထိ ရောက်နိုင်လား

မတ်လ ၂၃ – ၂၀၂၆

မနေ့ညနေပိုင်းက အစ္စရေးစစ်တပ် IDF ရဲ့ ပြောကြားချက်အရ အီရန်မှာ အခု ဆိုရင် လန်ဒန်၊ ပါရီ ဒါမှမဟုတ် ဘာလင်မြို့တွေ အထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ရှိနေပြီလို့ သိရပါတယ်။

အီရန် တောင်ပိုင်း ကမ်းရိုးတန်း ကနေ မိုင်ပေါင်း ၂၃၅၀ ခန့်အကွာမှာရှိတဲ့ အမေရိကန်-ဗြိတိန် ပူးတွဲ စစ်အခြေစိုက်စခန်း ဒီယေဂို ဂါစီယာ Diego Garcia ကျွန်းကို အီရန်က ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ X လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့တဲ့နောက် အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။

အီရန်ရဲ့ ပစ်ခတ်မှုကတော့ အောင်မြင်မှု မရှိခဲ့ပါ။

တကယ်လို့ အီရန်ဒုံးကျည်တစင်းဟာ လန်ဒန်မြို့ကို ရောက်ဖို့ဆိုရင် မိုင်ပေါင်း ၂၇၀၀ လောက် ခရီးနှင်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ဗြိတိန်အိမ်ရာဝန်ကြီး Steve Reed က အီရန် အနေနဲ့ ဗြိတိန်ကို ပစ်မှတ်ထား နေတယ်ဆိုတဲ့ သီးခြား အကဲဖြတ်ချက်မျိုး မရှိသလို၊ တကယလို့ သူတို့ တိုက်ခိုက်ချင်တယ် ဆိုရင်တောင် တိုက်ခိုက် နိုင်စွမ်း ရှိ/မရှိ ဆိုတဲ့ အပေါ်မှာလည်း အတည်ပြုချက် မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒုံးကျည်မှာ တပ်ဆင်ထားတဲ့ ထိပ်ဖူးကို ပိုပြီးပေါ့အောင် လုပ်လိုက်မယ် ဆိုရင် ပစ်ခတ်နိုင်တဲ့ အကွာအဝေးက ပိုရှည်နိုင်ပါတယ်။

အီရန်မှာ ဗြိတိန်အထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ရှိနေပြီဆိုတာဟာ ဖြစ်နိုင်ခြေရှိ ပေမယ့် ဒါဟာ အခုချက်ချင်း ရင်ဆိုင်ရမယ့် အရေးကြီးဆုံး ခြိမ်းခြောက်မှုတော့ မဟုတ်သေးပါ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလက်နက်တွေဟာ အကွာအဝေး အလွန်ဝေးတဲ့ အခါမှာ ပစ်မှတ်ကို တိတိကျကျ မထိမှန်နိုင်တော့သလို၊ ဗြိတိန်ကို ရောက်ဖို့ အတွက် လေကြောင်းကာကွယ်ရေး အလွန်ကောင်းမွန်တဲ့ ဒေသတွေ ကို ဖြတ်ကျော်လာရမှာ ဖြစ်လို့ပါ။

တကယ်တမ်း မေးစရာရှိတာက အီရန်အနေနဲ့ လေကြောင်းကာကွယ်ရေး အလွန်ကောင်း တဲ့ ဒေသတွေကို ဖြတ်ပြီး သမားရိုးကျ ထိပ်ဖူးတပ် ပဲ့ထိန်း ဒုံးကျည် အနည်းငယ်လောက်ပဲ ပစ်နိုင်မယ်၊ ပြီးတော့ အဲဒါတွေကလည်း အကွာအဝေး အလွန်ဝေးတာကြောင့် ပစ်မှတ်ကို မထိနိုင်ဘူးဆိုရင် အီရန်က ဘာကို ရည်ရွယ် လုပ်ဆောင်နေတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version